သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

သံတွဲမြို့နယ်မှ Covid – 19 ပိုးတွေ့လူနာ ရောဂါကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 6.2k


ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၂၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွင် ရောဂါပိုး ထပ်မံ မတွေ့ရှိရသဖြင့် ဇွန်လ ၁၇ ရက်နေ့က ဆေးရုံက ဆင်းခွင်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ထိုသို့ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၏  facebook စာမျက်နှာဖြစ်သော MOI Webportal Myanmar တွင် ညနေ ၆ နာရီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းခွင့်ပြုသူမှာ သံတွဲမြို့နယ် တလင်းဆိပ်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးမြင့်အောင်ဖြစ်သည်။

၎င်းမှာ ပြီးခဲ့သော မေလ ၁၂ ရက်နေ့က မလေးရှားနိုင်ငံမှ ပြန်လာသော လူနာအမှတ် ၁၈၂ နှင့် လေယာဉ်အတူစီးလာသူဖြစ်သည်။

၎င်းယာဉ်တွင် ရခိုင်မှ လူ ၉၅ ယောက်ပါလာပြီး ၎င်းတို့၏ နမူနာများကို စစ်ဆေးရာ သံတွဲမြို့နယ်မှ တစ်ဦးနှင့် တောင်ကုတ်မြို့နယ်မှ  တစ်ဦးတို့တွင် covid – 19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိရခိုင်ပြည်နယ်တွင် covid – 19 ရောဂါပိုးတွေ့ရှိသူ ၈ ဦးရှိပြီး ၎င်းတို့မှာ တောင်ကုတ်ဆေးရုံတွင် (၁)ဦး၊ မောင်တောဆေးရုံတွင် ၅ ဦးနှင့် ဘူးသီးတောင်ဆေးရုံတွင် ၂ ဦးဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံမှ ပြန်ဝင်လာပြီး ကရင်ပြည်နယ် ဘားအံမြို့တွင် ကွာရန်တင်းဝင်နေသူ လူပေါင်း ၂၃ ဦးတွင် ကိုရိုနာပိုးတွေ့ရှိခဲ့သည်။ ထိုအထဲတွင် ထိုင်းမှ ပြန်ဝင်လာသူ ရခိုင်လူမျိုး ၅ ဦးနှင့် မလေးရှားမှပြန်ဝင်လာသူ ရခိုင် လူမျိုး ၂ ဦးတို့တွင် ရောဂါပိုး တွေ့ရှိခဲ့ကာ ၎င်းတို့ကို ယခုအခါ  ရန်ကုန်မြို့၊ ဝေဘာဂီအထူးကု ဆေးရုံတွင် ဆေးကုသ ခံယူနေကြောင်း ဇွန် ၁၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။


ဆက်စပ် သတင်းများ