သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မောင်တောတွင် နောက်ထပ်အမျိုးသမီးတစ်ဦး၌ ကိုရိုနာပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 5.4k

ချစ်အိလှိုင်

နိရဥ္စရာ၊ ဇွန် ၂၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ အမျိုးသမီး တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှ ယနေ့နံနက် ၈ နာရီက သတင်းထုတ်ပြန်သည်။

တွေ့ရှိသူ အမျိုးသမီးမှာ အသက် (၃ဝ) ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ်သို့ ခရီးသွားလာဖူးသည့် ရာဇဝင်ရှိကြောင်း၊ အသွားအလာကန့်သတ်ထားသူ ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းအမျိုးသမီးအား မောင်တောခရိုင် ပြည်သူ့ဆေးရုံတွင် ကုသသွားမည်ဟု သိရသည်။ 

၎င်းအမျိုးသမီး လူနာအမှတ် (၂၉၁)မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို နယ်စပ်မှ တရားမဝင် ခိုးဝင်လာသူများ အထဲမှ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ၏ ဇနီးဖြစ်ဖြစ်ကြောင်း သိရသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ ပထမဆုံးမောင်တောက ရောဂါပိုးတွေ့ရှိတဲ့ လူနာရဲ့မိန်းမပါ။ ပထမအကြိမ်စစ်ဆေးတုန်းက မတွေ့ရှိဘူး။ နောက်တစ်ကြိမ်စစ်တာမှာ တွေ့တာ။ မိသားစု ငါးယောက်ဝင်လာတာ အဲဒီတုန်းက” ဟုပြောသည်။

၄င်းတို့အား မောင်တောမြို့မှ လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းတွင် အသွားအလာ စောင့်ကြည့်ခံနေရသူများ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ယခုလက်ရှိတွင် မောင်တောခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၈ ဦးရှိသွားပြီ ဖြစ်သည်။
 

ရခိုင်ပြည်နယ်တွင် ပထဆုံးရောဂါပိုးတွေ့ရှိသူ သံတွဲမြို့နယ် တလင်းဆိပ်ကျေးရွာမှ လူနာအမှတ် ၁၈၈ သည် ကျန်းမရေး ပြန်လည်ကောင်းမွန်လာသဖြင့်  ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။  

လက်ရှိရခိုင်ပြည်နယ်တွင် covid – 19 ရောဂါပိုးတွေ့ရှိသူ ၉ ဦးရှိပြီး ၎င်းတို့မှာ တောင်ကုတ်ဆေးရုံတွင် (၁)ဦး၊ မောင်တောဆေးရုံတွင် ၆ ဦးနှင့် ဘူးသီးတောင်ဆေးရုံတွင် ၂ ဦးဖြစ်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံနှင့် မလေးရှားမှ ပြန်ဝင်လာကြသည့်  ရခိုင်လူမျိုး ၅ ဦးနှင့် မလေးရှားမှပြန်ဝင်လာသူ ရခိုင် လူမျိုး ၂ ဦးတို့တွင်လည်း ကိုရိုနာပိုးတွေ့ရှိထားပြီး ယခုအခါ  ရန်ကုန်မြို့၊ ဝေဘာဂီအထူးကု ဆေးရုံတွင် ဆေးကုသ ခံယူနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇွန် ၁၉ ရက်နေ့က ထုတ်ပြန်ချက် အရသိရသည်။


ဆက်စပ် သတင်းများ