သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတွင် တပ်မတော်သားများအပါအဝင် တပ်မိသားစု ၅ဝ ဦး၌ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၄/ ၂ဝ၂ဝ

စစ်တွေတွင် တပ်မတော်သားများ အပါအဝင် တပ်မိသားစုဝင် ၅ဝ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့သည်ဟု သတင်း ရရှိသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းထဲတွင် စစ်တွေ တပ်နယ်ဆေးရုံမှ ကိုဗစ် အတည်ပြုလူနာ ၅ဝ ဦး ပါဝင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာ သတင်းဌာနအား အတည်ပြု ပြောဆိုသည်။

“ သူတို့မှာ ဘယ်လိုကွာရန်တင်းထားတယ်ဆိုတာတော့ဆရာတို့လည်းမသိဘူး။ အယောက် ၅ဝ တွေ့တယ်။ မနေ့က စားရင်းမှာပါလာတာ။  တပ်မတော်သားလည်းပါမယ်။ မိသားစုဝင်တွေ လည်းပါမယ်”ဟု သူကပြောသည်။

စစ်တွေမှ အရပ်သား ၂၅၅ ဦးစစ်ဆေးရာတွင် ၃ ဦးတွင် ပိုးတွေ့ခဲ့ပြီး တပ်နယ်ဆေးရုံမှ ၁၉၇ ဦးကို စစ်ဆေးခဲ့ရာတွင်  ၅ဝ ဦးကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီကျော် က ထုတ်ပြန်ချက်အရ ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာ ၅၈ ဦးပါဝင်ခဲ့ပြီး  စစ်တွေ ဆေးရုံကြီးမှ ၃ ဦး၊ စစ်တွေ တပ်နယ် ကုတင် ၁ဝဝ ဆန့် ဆေးရုံမှ ၅ဝ ဦး၊ အမ်းမှ ၂ ဦးနှင့်  ကျောက်ဖြူ၊ သံတွဲနှင့် တောင်ကုတ်တို့မှ ၁ ဦးစီ ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းက “ မနေ့ကပါတဲ့လူနာစာရင်းအရ အဲဒါက တပ်နယ်ဆေးရုံကပြောတယ်။ MOHS မှာ ညပိုင်းထုတ်ပြန်တဲ့အထဲမှာ အဲဒီတပ်နယ်က စာရင်းတွေပါတယ်။ စစ်တပ်မှာရှိတဲ့ ကွာရန်တင်းဝင်နေတဲ့လူတွေထဲက ဖြစ်ဖို့များတယ်လို့ သတင်းရထားတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၈၄၈ ဦးရှိခဲ့ပြီး၊  ဆေးရုံဆင်းခွင့်ရရှိသူ ၃၅၆၂ ဦး ရှိခဲ့ကြောင်း ရခိုင်ကိုဗစ်စောင့်ကြည့်လေ့လာရေးအဖွဲ့၏ စာရင်းအရသိ်ရသည်။

ရခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ ၃၄ ဦးရှိသွားပြီဖြစ်သည်။

ဆက်စပ် သတင်းများ