တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မန္တလေးတွင် စောင့်ကြည့်ခံနေရသည့် ဝူဟန်ပြန် မြန်မာကျောင်းသူ ကျောင်းသား ၅၉ ဦး အိမ်ပြန်ခွင့်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 362

မာန်ယုကျော် (ရွှေဝမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆ / ၂ဝ၂ဝ

မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် စောင့်ကြည့်ခံနေရသည့် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လာကြသည့်  မြန်မာကျောင်းသူ/သား ၅၉ ဦးသည် ယနေ့တွင် အိမ်ပြန်ခွင့်ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

သူတို့အားလုံးသည် ၁၄ ရက်ကြာစောင့်ကြည့်ခံနေရပြီးနောက် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ထူးခြားလက္ခဏာများမတွေ့ရ၍ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မိမိတို့၏ နေရပ်အသီးသီးသို့ ပြန်ခွင့်ရရှိသွားခြင်းဖြစ်သည်။

မြန်မာကျောင်းသူ/သား ၅၉ ဦးထဲတွင် ရခိုင်ကျောင်းသား ကျောင်းသူ ၃ ဦးပါဝင်သည်။

ထိုအထဲမှ စစ်တွေမြို့ဇာတိ ကိုနေအောင်ခိုင်က "အားလုံး ကျန်းကျန်းမာမာရှိကြတယ်။ တစ်ယောက်မှကို အဲလို လက္ခဏာပြတာတွေ၊ နေမကောင်းဖြစ်တာတွေမရှိဘူး။ ရောက်လာတဲ့ ၅၉ ယောက်ဟာ ၅၉ ယောက်လုံး စောင့်ရှောက်မှုခံပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ ထူးခြားမှုမရှိဘဲ ကျန်းကျန်းမာမာနဲ့ ကိုယ့်အိမ်ကိုယ် ပြန်ကြရတယ်။"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါကျောင်းသူ/သားများအား ကျန်းမာရေးထောက်ခံချက်နှင့် မြန်မာကျပ်ငွေတစ်သောင်း အပါအဝင် ကားလက်မှတ်နှင့် လက်ဆောင်ပစ္စည်းအချို့ကိုလည်း တာဝန်ရှိသူများက ပေးအပ်ခဲ့သည်ဟု သိရသည်။

သူတို့ နေရပ်မပြန်မီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဆေးရုံတာဝန်ရှိသူများကလည်း လာရောက်တွေ့ဆုံကာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါအား သတိထားကြရန် သတိပေးစကားပြောကြားခဲ့သေးသည်ဟု သူက ပြောဆိုသည်။

"အခု အိမ်ပြန်မယ်ဆိုရင်လည်း သတိနဲ့တော့နေ။ ဒါကောင်းတယ်။ Almost တော့ ကောင်းတယ်။ ဒါပေမယ့် မပေါ့နဲ့။ ဒါ အလွန်အရေးကြီးပါတယ်။ ပေါ့လို့ မရဘူး။"ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျောင်းသူ/သားများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါကျောင်းသူ/သားများသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါစတင်ဖြစ်ပွားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ရှိ တက္ကသိုလ်အချို့တွင် ပညာသင်ကြား နေကြသည့်ကျောင်းသူ/သားများဖြစ်ကြသည်။

သူတို့သည် အစိုးရအစီအစဉ်ဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်တွင် အထူးလေယာဉ်ဖြင့် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ပြီး မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးသန့်အခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စောင့်ကြည့်မှုလုပ်ငန်းစဉ်များကို ခံယူခဲ့ကြရခြင်းဖြစ်သည်။

သူတို့အား တရုတ်နိုင်ငံမှခေါ်ယူပြီးနောက် ကျန်းမာရေးစောင့်ကြည့်မှုခံယူခဲ့ရသည့် မြန်မာနိုင်ငံမှလေယာဉ်အမှုထမ်း ၅ ဦးကိုလည်း အိမ်ပြန်ခွင့်ပေးလိုက်ပြီဟု သိရသည်။

---------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၆ / ၂ဝ၂ဝ











ဆက်စပ် သတင်းများ