တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် နယ်စပ်ကုန်သွယ်ရေးလှေသမား ၇ ဦး၌ ကိုဗစ်ပိုးတွေ့၊ ကိုဗစ်ပိုးတွေ့လှေသမား ၁၆ ဦးအထိရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k

မင်းအဂ္ဂ၊ ချစ်အိလှိုင်

စစ်တွေ၊ ဒီဇင်ဘာ ၇ /၂၀၂၁

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် လှေသမား ၇ ဦး၌ ယနေ့ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း Rakhine Covid -19 Watch အဖွဲ့က  သတင်းထုတ်ပြန်သည်။

ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် စက်လှေနှစ်စီးပေါ်မှ လှေသမား ၇ ဦးတွင် ယနေ့ ဒီဇင်ဘာလ ၇ ရက်က ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

စက်လှေနှစ်စီးကနေ ၇ ယောက်တွေ့တာပါဟုပြောသည်။

ကိုဗစ်ပိုးတွေ့ရှိသူများမှာ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကွာရန်တင်းဝင်နေသူများဖြစ်ပြီး လှေသမား ၂၄ ဦးအား စစ်ဆေးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပိုးတွေ့သူများကို စစ်တွေဆေးရုံကြီးသို့ ခေါ်ဆောင်သွားပြီဟု သိရသည်။

စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ဝ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်ရေးဖြင့်ပြန်လာသည့် လှေသမား ၉ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့သေးသည်။

ဘင်္ဂလားဒေ့ရှ်သို့ကုန်သွယ်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်ဖြစ်ပွားမှုများလာ၍ ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လမှစတင်ကာ ၈ လခန့်ပိတ်ထားခဲ့ပြီး ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

၃ လကျော်ကြာဖွင့်လှစ်ခဲ့ပြီးနောက် ကိုဗစ်တတိလှိုင်းအတွင်း လှေသမားအချို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုများလာခဲ့သည့်အတွက် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံပိတ်ထားခဲ့ရပြန်သည်။

ယင်းနောက် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်က နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း၌ နိုဝင်ဘာ ၃ဝ ရက်တွင် ၉ ဦးနှင့် ယနေ့တွင် ၇ ဦး၊ စုစုပေါင်း လှေသမား ၁၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိထားပြီဖြစ်သည်။

ဓာတ်ပုံ - စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ပိုးသတ်ဆေးဖြန်းနေသူတစ်ဦးအား တွေ့ရစဉ်။

 

ဆက်စပ် သတင်းများ