တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် ရောဂါအခံရှိသည့် ကိုဗစ်လူနာ ၁ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.8k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၀/ ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောဂါအခံရှိသည့် အသက် ၇၀ ကျော်အရွယ် ကိုဗစ်လူနာ ၁ ဦးသည် ယမန်နေ့ ည ၁၀ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၇၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။
၎င်းသည် ကိုဗစ်လူနာအဖြစ် စစ်တွေဆေးရုံသို့ ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် နံနက် ၁ဝ နာရီခန့်က တက်ရောက်ကုသမှုခံယူခဲ့ပြီး ယမန်နေ့ည ၉ နာရီခန့်တွင် အဖျားတက်ကာ အောက်ဆီဂျင်ကျ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Rakhine Covid-19 Watch မှ ဦးထွန်းလှိုင်က နိရဥ္စရာ ပြောသည်။
"သူ့မှာ နှလုံး၊ သွီးတိုး၊ ဆီးချို၊ ကျောက်ကပ်ဝေဒနာတွေရှိပါတယ်။ သူက ကိုဗစ်ကြောင့် ပြင်းပြင်းထန်ထန်ဖြစ်သွားတာတော့ မဟုတ်ဘူး။ သူ့မှာရှိတဲ့ရောဂါတွေကအခြေအနေမကောင်းလို့ ဆေးရုံလာတက်ရာကနေ အဖျားတက်ပြီး နှာခေါင်းတို့ဖတ်ကိုစစ်ဆေးလိုက်တော့မှ ကိုဗစ်ပိုးတွေ့တာ"ဟု ပြောသည်။
သူသည် ဆေးရုံလာတက်စဉ်ကပင် အောက်ဆီဂျင်ကျနေပြီဟုလည်း သွားရောက်သယ်ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဒုဥက္ကဋ္ဌကိုသာဂီလင်းက နိရဥ္စရာသို့ပြောသည်။
“သူ့မှာရောဂါအခံရှိတယ်လို့တော့ ပြောပါတယ်။ ကျနော်တို့ ဆေးရုံကိုသယ်တုန်းကတော့ သူက အောက်ဆီဂျင်တွေ ကျနေတယ်၊ ဖျားနေတယ်” ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများကိုဆက်သွယ်မေးမြန်းခဲ့သော်လည်း မအားသေးဟုဆိုသည်။
ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ဒီဇင်ဘာလ ၉ ရက်အထိ ကိုဗစ်ပိုးတွေ့သူဦးရေ ၅၁၉၄ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၄၆၇၃ ဦး၊ သေဆုံးသူ ၄၉၉ ဦးနှင့် ကုသဆဲလူနာ ၂၂ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီစာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ