တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

၁၁ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် စက်လှေသမား ၁၈ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 317

မြထွီးသျှင်
စစ်တွေ၊ ဒီဇင်ဘာ ၁၀ /၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် လှေသမား ၂ ဦး၌ ယနေ့ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၁၁ ရက်အတွင်း လှေသမား ၁၈ ဦး၌ ကိုဗစ်ပိုးတွေ့ရှိထားပြီဖြစ်ကြောင်း Rakhine Covid -19 Watch အဖွဲ့မှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁ဝ ရက်တွင်လည်း စစ်တွေမြို့ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် စက်လှေနှစ်စီးပေါ်မှ လှေသမား ၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။
“ပိုးတွေ့တဲ့သူတွေကတော့ ကျန်းမာရေးကောင်းပါတယ်။ ဒီနေ့မနက်ကနေစပြီးတော့ ဒီကထွက်မယ့်လှေတွေကိုလည်း နှာခေါင်းထိုးပြီးစစ်နေပါတယ်။ အရင်ကတော့ အပြန်တစ်ခုတည်းပေါ့"ဟုပြောသည်။
ကိုဗစ်ပိုးတွေ့ရှိသူများမှာ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကွာရန်တင်းဝင်နေသူများဖြစ်ပြီး လှေသမား ၃၃ ဦးအား စစ်ဆေးစဉ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပိုးတွေ့ရှိသူများအား စစ်တွေပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။
စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်က ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် လှေသမား ၇ ဦးနှင့် နိုဝင်ဘာလ ၃ဝ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် လှေသမား ၉ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီဟု သိရသည်။
ယနေ့တွေ့ရှိသည့် စက်လှေသမား ၂ ဦးနှင့်ဆိုလျှင် စုစုပေါင်း ၁၈ ဦးအထိရှိလာနေပြီဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သို့ကုန်သွယ်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်ဖြစ်ပွားမှုများလာ၍ ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လမှစတင်ကာ ၈ လခန့်ပိတ်ထားခဲ့ပြီး ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
၃ လကျော်ကြာဖွင့်လှစ်ခဲ့ပြီးနောက် ကိုဗစ်တတိလှိုင်းအတွင်း လှေသမားအချို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုများလာခဲ့သည့်အတွက် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံပိတ်ထားခဲ့ရပြန်သည်။
ယင်းနောက် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်က နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း၌ နိုဝင်ဘာ ၃ဝ ရက်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့်စက်လှေသမားများတွင် ကိုဗစ်ပိုးတွေ့ရှိလာခြင်းဖြစ်သည်။
ဓာတ်ပုုံ - စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်များ တင်ဆောင်နေကြစဉ်။

ဆက်စပ် သတင်းများ