တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် Pfizer သောက်ဆေးကို အိမ်သုံးဆေးဝါးအဖြစ် အမေရိကန်အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 792

နိရဉ္စရာ၊ ဒီဇင်ဘာ-၂၃/၂၀၂၁ (Htay Oung - နိုင်ငံတကာ)

ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် Pfizer သောက်ဆေးကို အိမ်သုံးဆေးဝါးအဖြစ် အမေရိကန်အတည်ပြုလိုက်ပြီ ဖြစ်ပြီး ၎င်းဆေးမှာ   ပြင်းထန်ဖျားနာခြင်း၊ ဆေးရုံတက်ရခြင်းနှင့် COVID လူနာများ သေဆုံးခြင်းကို ၉၀% ကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းအပြင် အိုမက်ခရွန်ဗီဇပြောင်းပိုးအား တိုက်ဖျက်ရာတွင် အရေးပါနိုင်သည်ဟုလည်း Pfizer Inc က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်ဟု Reuters က ယနေ့ နေ့စွဲဖြင့် သတင်းရေးသား ဖော်ပြသည်။

မိမိတို့ ကုမ္ပဏီမှ ထုတ်လုပ်သည့် Covid-19 ရောဂါကုသရေး ဆေးပြားကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ FDA က တရားဝင်ခွင့်ပြုလိုက်ပြီး အိုမက်ခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကို တိုက်ဖျက်ရာ၌ ပထမဆုံး အိမ်သုံးဆေးဝါးဖြစ်လာရန် မျှော်လင့်ကြောင်း Pfizer Inc က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်ဟု Reuters က သတင်းဖော်ပြသည်။

Pfizer လက်တွေ့စမ်းသပ်ချက်များအရ အဆိုပါ ဗိုင်းရပ်စ်ပိုးသတ်ဆေးသည် ဆေးရုံတက်ရခြင်း၊ အသက်အန္တရာယ်ဖြစ်ပွားနိုင်သည်အထိ ပြင်းထန်စွာဖျားနာခြင်းနှင့် COVID ရောဂါဖြင့် လူနာများ သေဆုံးရခြင်းတွင် ၉၀% ကာကွယ်နိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ မကြာသေးမီက ကောက်ယူရရှိခဲ့သည့် ဓာတ်ခွဲခန်း အချက်အလက် များတွင် အဆိုပါဆေးဝါးမှာ အိုမက်ခရွန်ဗီဇပြောင်းမျိုးကွဲကို ထိရောက်စွာ ထိန်းချုပ် ထားနိုင်ကြောင်း ပြသလျှက်ရှိသည် ဆို၏။

အသက် ၁၂-နှစ်နှင့် အထက် ကလေးအရွယ်လူနာများတွင် ပြင်းထန်ခြင်းမရှိသည့် သာမန် ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ပြင်းထန်အန္တရာယ်အလားအလာရှိ အလယ်အလတ် အဆင့် ရောဂါအထိ ကုသရာတွင် အရေးပေါ် အသုံးပြုရန်အတွက် ပါးစပ်မှ သောက်မြိုရသည့် ဆေးအဖြစ် တရားဝင်ခွင့်ပြုချက် ရရှိထားပြီဖြစ်ကြောင်း အေဂျင်စီက ရှင်းပြသည်။

ကပ်ရောဂါကာလအတွင်း အရေးကြီးသည့်အချိန်၌ Covid-19 ကို တိုက်ဖျက်ရန် ပစ္စည်းအမယ်သစ်တစ်ခုအဖြစ် အထောက်အပံ့ဖြစ်စေပြီး ဗီဇပြောင်းမျိုးကွဲ အသစ်များကြောင့် ပြင်းထန် Covid-19 ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားသည့် လူနာများ အတွက် ကုသရာ၌ အခွင့်အလမ်းပိုမိုရရှိနိုင်စေမည်ဖြစ်ကြောင်း FDA ဆေးဝါးအကဲ ဖြတ်ရေးနှင့် သုတေသနဗဟိုဌာန ညွှန်ကြားရေးမှူး၏ ခွင့်ပြုချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။

အဆိုပါဆေးပြားများကို ဆရာဝန်ညွှန်း ဆေးစာဖြင့်သာရရှိနိုင်ပြီး Covid-19 ရောဂါပိုး ကူးစက်ခံရကြောင်း ရောဂါလက္ခဏာများ စတင်ပြသချိန်မှ -ရက်အတွင်း အမြန်ဆုံး သောက်သုံးသင့်ကြောင်း အေဂျင်စီက တိုက်တွန်းသည်။

၄င်းဆေးဝါးများကို အမေရိကန်ပြည်တွင်းသို့ ချက်ချင်း ပေးပို့ရန် ကုမ္ပဏီအနေဖြင့် အသင့်ရှိနေပြီး ၂၀၂၂- ခုနှစ်တွင် ဆေးပတ်အကြိမ် သန်း ၈၀ မှ သန်း ၁၂၀ အထိ ကုသရန်အတွက် ဆေးပြားများကို တိုးမြှင့်ထုတ်လုပ်မည် ကြောင်း၊ Pfizer ဆေးပတ် တစ်ကြိမ်လျှင် ကန်ဒေါ်လာ ၅၃၀ ဖြင့် ဆေးပတ်ကြိမ််ရေ ၁၀-သန်း အတွက် အမေရိကန် အစိုးရနှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုထားပြီးဖြစ်သည်။

Paxlovid အမှတ်တံဆိပ်ဖြင့် Pfizer သောက်ဆေးများကို ယခင် ဗိုင်းရပ်စ် သတ်ဆေးဖြစ်သည့် Ritonavir နှင့်အတူ ရောင်းချမည်ဖြစ်ပြီး၊ ရောဂါလက္ခဏာများ စတင်ပြီးနောက် ရက်လျှင် ၁၂ နာရီခြား ရက်ကြာ သောက်သုံးရန် ဆေးညွှန်း၌ ဖော်ပြသည်။

Ritonavir သည် အခြားဆေးဝါးများနည်းတူ အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိထားပြီး Covid-19 ရောဂါကုသနေစဉ်အတွင်း လူနာအများစုအနေဖြင့် ၎င်းတို့၏အခြားဆေးဝါးများကို လျှော့ချနိုင်ဖွယ်ရှိကြောင်း Pfizer က အကြံပြုထားသည်။

FDA မှပြန်လည်သုံးသပ်နေသည့် ပြိုင်ဘက် Merck & Co ထုတ် #Molnupiravir သောက်ဆေးပြားသည် Pfizer ကုသမှုနှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျှော့ပါးကြောင်း သိရှိရပြီး ၄င်းဆေးဝါးမှာ လက်တွေ့စမ်းသပ်မှုတွင် အသက်အန္တရာယ်မြင့်မားသောလူနာများ၌ ဆေးရုံတက်ကုသခြင်းနှင့် သေဆုံးဂခြင်းများ၌ ၃၀% ခန့် လျှော့ချပေးသည်။

(Reuters.,23 December 2021,” Pfizer oral Covid-19 pill gets US authorization for at home use” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

ဆက်စပ် သတင်းများ