တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မောင်တောတွင် ကိုဗစ်ပိုးတွေ့သောသားဖွားဆရာမ ကျန်းမာရေးကောင်းမွန်သော်လည်း သူ့အမျိုးသားကို ကွာရန်တင်းဝင်ခိုင်းထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၀ / ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့ရှိသော ကျန်းမာရေးဝန်ထမ်း သားဖွားဆရာမမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသော်လည်း ၄င်းနှင့် ထိတွေ့ခဲ့သည့် အမျိုးသားဖြစ်သူကို ဆေးရုံတွင် ကွာရန်တင်းဝင်ခိုင်းထားရကြောင်း သိရသည်။
ကိုဗစ်ပိုးတွေ့ရှိသော ကျန်းမာရေးဝန်ထမ်းမှာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၂၅ နှစ်အရွယ် သားဖွားဆရာမဖြစ်ကြောင်း သိရသည်။
၄င်းကို ယနေ့ ဒီဇင်ဘာလ ၃ဝ ရက် နံနက်တွင် ကိုဗစ်ပိုးစစ်ဆေးရာ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မောင်တောပြည်သူ့ဆေးရုံအုပ် ဒေါက်တာနုကေသီစံက အတည်ပြုသည်။
လက်ရှိတွင် သူမကို မောင်တောဆေးရုံ၌ ဆေးကုသမှုပေးနေပြီး သူမနှင့်ထိတွေ့ခဲ့သော အမျိုးသားဖြစ်သူကိုလည်း မောင်တောဆေးရုံတွင် ကွာရန်တင်း ၁၄ ရက် ဝင်ခိုင်းထားသည်ဟု ဆိုသည်။
“ကျန်းမာရေး ကောင်းကောင်းမွန်မွန်ရှိပါတယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ သူ့မိသားစုဝင်ကိုတော့ ဆေးရုံမှာ ကွာရန်တင်း ထားထားတယ်။ သူ့ကို နောက်ထပ်တစ်ကြိမ် စစ်ဆေးဖို့ရှိပါတယ်” ဟုပြောသည်။
ပိုးတွေ့သည့်ကျန်းမာရေးဝန်ထမ်းသည် ယနေ့ ဒီဇင်ဘာ ၃၀ ရက် ညဥ့် ၃ နာရီအချိန်တွင် အနံ့မရဖြစ်လာရာမှ ယနေ့နံနက်တွင် ကိုဗစ်ပိုးစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟုလည်း မောင်တောမှ လူမှုရေးလှုပ်ရှားနေသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ကူးစက်မှုများရှိနေချိန်တွင် ကူးစက်မှုလျော့နည်းအောင် အပြင်သွားလျှင် နှာခေါင်းစည်းများတပ်ကြပြီး ကိုဗစ်စည်းကမ်းအတိုင်း နေထိုင်ကြရန်လိုအပ်သည်ဟု ဒေါက်တာနုကေသီစံက အကြံပြုသည်။
မောင်တောတွင် ကိုဗစ်တတိလှိုင်းအတွင်း ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်အထိ ပိုးတွေ့သူဦးရေ ၅၂၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၂ဝ ဦးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်တစ်ပြည်လုံးတွင် ယမန်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၅၂၁၅ ဦးနှင့် သေဆုံးသူ ၅ဝ၁ ဦးအထိရှိကြောင်း သိရသည်။
-------------------------------

ဆက်စပ် သတင်းများ