တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးမှ အမျိုးသမီး ၂ ဦးမှာ ကိုဗစ်ကာကွယ်ဆေးထိုး၍သေဆုံးခြင်းမဟုတ်ဟု ပြည်နယ်ကျန်းမာရေးဌာနပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 470

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၃/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဂျင်ချေကျေးရွာတွင် ပြီးခဲ့သည့်ရက်ပို်င်းက ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသွားခဲ့သည့် အမျိုးသမီးနှစ်ဦးမှာ ကိုဗစ်ဆေးထိုး၍သေဆုံးခြင်းမဖြစ်နိုင်ကြောင်း ကွင်းဆင်းအဖြေရှာတွေ့ရှိခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က ပြောသည်။
“ သူတို့က ဆေးထိုးပြီးနာရီ ၃ဝ နဲ့ ၄ဝ လောက်အကြာမှာ သေဆုံးခဲ့တာပါ။ ဆေးကြောင့်ဖြစ်တယ်ဆိုရင် သူနဲ့အတူတူထိုးတဲ့ နောက်နှစ်ယောက်က တစ်ပုလင်းထဲမှာ နှစ်ယောက်ဆိုတော့ သူတို့နဲ့အတူထိုးတဲ့အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်လည်း အကောင်းအတိုင်းရှိတယ်။ အဲဒါဆိုတော့ ဆေးကြောင့်ဖြစ်မယ့် ဖြစ်နိုင်ခြေနည်းတယ်” ဟု နိရဥ္စရာကို ပြောသည်။
သေဆုံးသွားသူများမှာ မြောက်ဦးမြို့နယ် နတ်ချောင်းအုပ်စု၊ ဂျင်ချေကျေးရွာမှ ခမီအမျိုးသမီးများဖြစ်သည့် ဒေါ်စံပယ်ခိုင်(၄၂)နှစ်နှင့် မချစ်စိုးမေ(၂ဝ)နှစ်တို့ဖြစ်သည်။
၄င်းတို့သည် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က နတ်ကျောင်းကျေးရွာရှိ ဓမ္မာရုံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံခဲ့ကြသည်ဟု သိရသည်။
နောက်တစ်နေ့ဖြစ်သည့် ဇန်နဝါရီလ ၁ ရက် ညနေ ၄ နာရီခန့်၌ ဒေါ်စံပယ်ခိုင်သည် ငါးရှားပြန်လာပြီးနောက် ရေချိုးနေစဉ် ရုတ်တရက်သေဆုံးခဲ့ခြင်းဖြစ်ပြီး နာရီပိုင်းအကြာတွင် မချစ်စိုးမေလည်း သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် မိသားစုဝင်များက ပြောသည်။
သေဆုံးသူ ၂ ဦးအနက် ဒေါ်စံပယ်ခိုင်တွင် ဆေးလိပ်သောက်သုံးသူမှုကြောင့် သွေးကြောကျဉ်းရောဂါနှင့် နှလုံးနှင့်ပတ်သက်သည့် ရောဂါလက္ခဏာမျိုးတွေ့ရပြီး မချစ်စိုးမေသည် ဆွေမျိုးတော်စပ်သူ ဒေါ်စံပယ်ခိုင်၏နားရေးတွင် ပူဆွေးသောကကြောင့် စိတ်ဖိစီးမှုဖြစ်ကာ နှလုံးရောင် ရောဂါလက္ခာကြောင့်သေဆုံးခဲ့ခြင်းဟု သတ်မှတ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။
နတ်ချောင်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်အောင်ကလည်း ထိုအမျိုးသမီး ၂ ဦးသေဆုံးမှုမှာ ကိုဗစ်ကာကွယ်ဆေးထိုး၍သေဆုံးခြင်းမဟုတ်ဟု ကျန်းမာရေးဌာနက လာရောက်ကွင်းဆင်းစစ်ဆေးပြီးပြောဆိုခဲ့သည့်အတွက် မိသားစုဝင်များကလည်း ကျေနပ်ကြသည်ဟု ပြောသည်။
“ မနေ့က ကျန်းမာရေးဌာနက ဆရာဝန်ကြီးတွေရောက်လာတယ်။ ပြောသွားတာက ဆေးကြောင့်သေဆုံးတယ်လို့ မယူဆနိုင်ဆိုတဲ့ အကြောင်းကို ပြောတယ်။ ဘာလို့ဆိုရင် ဆေးတစ်လုံးကို နှစ်ယောက်ထိုးတာလေ။ တစ်ယောက်ကသေတယ်။ နောက်တစ်ယောက်က ကျန်းကျန်းမာမာဆိုတော့ ဒီဟာက ဆေးကြောင့်မဟုတ်နိုင်ဘူးလို့ပြောတယ်။ သေဆုံးသူတွေရဲ့မိသားစုကလည်းကျေနပ်ပါတယ်” ဟုပြောသည်။
သေဆုံးခဲ့သူ ၂ ဦးအား ယနေ့တွင် ကျန်းမာရေးဌာန၏အကူအညီဖြင့် ကျေးရွာသုသာန်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနေ့ကကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ယင်းရွာအတွင်း နောက်ထပ် နာမကျန်းဖြစ်နေသူ အမျိုးသမီးနှစ်ဦးလည်းရှိနေပြီး ၄င်းတို့သည် လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြာင်း သိရသည်။
အဆိုပါ နတ်ချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၃ ရွာရှိပြီး အသက်(၁၈)နှစ်နှင့်အထက်ရှိသူ ဂျင်ချေ ကျေးရွာမှာ လူ ၁ဝ၂ ဦးအပါအဝင် စုစုပေါင်းကျေးရွာ ၅ ရွာမှ လူ ၆ဝဝ ကျော်ကို ကိုဗစ် ကာကွယ်ဆေး(Sinovac)ကို ပထမအကြိမ်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ