တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြန်မာတွင် အိုမီခရွန်ရောဂါပိုးကူးစက်ခံရသူ ၁၂ ဦး ထပ်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

မင်းအဂ္ဂ
စစ်တွေ၊ ဇန်နဝါရီ ၇ / ၂ဝ၂၂
မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးကူးစက်ခံထားရသူ ၁၂ ဦး ထပ်တွေ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ညနေ၌ ထုတ်ပြန်ကြေညာသည်။
ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့်သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၂၂)ခုအား ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် စစ်ဆေးခဲ့စဉ်တွေ့ရှိခြင်းဖြစ်သည်ဟု ဆိုသည်။
အိုမီခရွန်ရောဂါပိုး ယနေ့တွေ့ရှိသူ (၁၂)ဦးတွင် မြန်မာနိုင်ငံသား (၁၁)ဦးနှင့် နိုင်ငံခြားသား (၁) ဦးဖြစ်ပြီး ၄င်းတို့တွင် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ဝင်ရောက်လာသူ ယူအေအီးနိုင်ငံမှ (၈) ဦး၊ မလေးရှားနိုင်ငံမှ (၃) ဦး နှင့် အိန္ဒိယနိုင်ငံမှ (၁)ဦးတို့ပါဝင်သည်ဟု သိရသည်။
၄င်းတို့အား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့်လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များကိုလည်း အသွားအလာကန့်သတ်ခြင်းများဆောင်ရွက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ကို ယူအေအီးနိုင်ငံမှ ပြန်လာသူ ၄ ဦး၌ စတင်တွေ့ရှိခဲ့သည်ဟု ဒီဇင်ဘာ ၂၈ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
၄င်းတို့ ၄ ဦးသည် နေပြန်ကောင်းသွားသည့်အတွက် ယင်းနေ့တွင်ပင် အိမ်ပြန်သွားကြပြီဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ကို ကမ္ဘာတွင် ပြီးခဲ့သည့် နိုဝင်ဘာလအစောပိုင်းက တောင်အာဖရိကနိုင်ငံ၌ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော်၌ ကူးစက်ပြန့်ပွားနေပြီဖြစ်သည်။
အိုမီခရွန်သည် မြန်မာတွင် ဖြစ်ပွားခဲ့သည့် ဒေလ်တာမျိုးစိတ်ကိုဗစ်ပိုးထက် ရောဂါဖြစ်ပွားမှုပြင်းထန်ခြင်းမရှိသော်လည်း ကူးစက်မှုပိုမိုမြန်ဆန်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ