တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တကမ္ဘာလုံးကပ်ရောဂါဖြစ်၍ ပူးပေါင်းဆောင်ရွက်ခြင်းဟု AA ပြောခွင့်ရသူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

ချစ်အိလှိုင်
နိရဉ္စရာ၊ ဇန်နဝါရီ ၂၆/၂၀၂၂
ရခိုင်ပြည်နယ်မှ မြို့နယ် ၅မြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးရန် နစက ကောင်စီ/ SAC ( State Administration Council) နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးလှုပ်ရှားမှုအတွက်ကြောင့် ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် ( AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။
“ ကျွန်တော်တို့ ဒီကိုဗစ်ကာကွယ်ဆေးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီးတော့ မြို့နယ် ၅ ခုမှာ ထိုးပေးနေတာဖြစ်ပါတယ်။ အဓိကကတော့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်ပေါ့နော်။ အဲဒီ ၅ မြို့နယ်မှာ SAC နဲ့ ကျနော်တို့ကြားမှာ ကြိုတင် ညှိနှိုင်း သဘောတူညီချက်အရ SAC ရဲ့ ကျန်းမာရေးဌာနက လာပြီးတော့မှ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပေးနေတာရှိတယ်ဗျ။ ဒီနေ့အထိဆိုလို့ရှိရင်တော့ ၅ ရက်ရှိပြီပေါ့နော်။ ဟို ဘာကြောင့်လဲဆိုလို့ရှိရင် ဒီဟာကတော့ ဒီ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး လှုပ်ရှားမှု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ဖက်ကလည်း ဒါ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ပြောဆိုသည်။
လက်ရှိ မြို့နယ် ၅ မြို့နယ် ကိုဗစ်ကာကွယ်ဆေးထိုးပေးရာတွင် အေအေ တပ်ဖွဲ့ဝင်များထက် ပြည်သူကို အဓိက ဦးစားပေးထိုးပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ မနေ့က ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေအထိတော့ ဟို ဆေးထိုးပြီးတဲ့လူက ပြည်သူတွေအပါအဝင် အကုန်လုံး ဟို ၄၂၀၇ ယောက်ထိုးပြီးပြီဗျ။ ဟို ဒီနေ့ ဆိုလို့ရှိရင်တော့ အားလုံးပေါင်းရင်တော့ ၅၀၀၀ နဲ့ ၅၀၀၀ အထက်လောက် အထိ၊ ဒါ ထိုးပြီးမှာပေါ့နော်။ ကျနော်တို့ အဓိကကတော့ ဒီ ပြည်သူတွေကို အဓိကထားပြီးတော့ထိုးပေးနေတာဖြစ်တယ်ဗျ။ ဆိုတော့ အဲဒီမှာ ပြည်သူတွေ သွားရေးလာရေး လွယ်ကူမယ့် ဒီ နေရာတွေမှာ စုရပ် အဖြစ်ဖန်တီး သတ်မှတ်ပြီးတော့မှ ထိုးပေးနေတာဖြစ်ပါတယ်။”
ထိုသို့ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးပေးရာ၌ ကိုဗစ်ဆေးထိုးမည့် စုရပ်နှင့် နီးသော ပတ်ဝန်းကျင်တွင် ရှိနေသော ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ သွားရောက်ဆေးထိုးနေခြင်းဖြစ်ပြီး အေအေတပ်ဖွဲ့ဝင် အရေအတွက်မှာ အနည်းအကျဉ်းမျှသာရှိသည်ဟု ဦးခိုင်သုခက ပြောဆိုသည်။
“ အဲဒီမှာ အဲဒီစုရပ်နဲ့နီးတဲ့နေရာမှာ ရှိတဲ့ကျနော်တို့တပ်ဖွဲ့ဝင်တွေလည်းပဲ လာရောက်ပြီးတော့ ဒါ ထိုးနေကြတာတော့ရှိတယ်ဗျ။ ဒါပေမဲ့လို့ အဲဒါကတော့ ဒီ အရေအတွက်အားဖြင့် ပြောရမယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်က အတော်လေးနည်းတဲ့ အရေအတွက်လို့ ပြောလို့ ရတာပေါ့နော်။ ဒီ အဓိကကတော့ ပြည်သူတွေကိုပဲ ထိုးပေးနေတာဖြစ်တယ်ဗျ။ မောင်တော မြို့နယ်ဘက်မှာတော့ ဒီ မူဆလင် ကွန်မြူနတီကို အဓိကထားပြီးတော့မှ ဒါ ထိုးပေးနေတာတော့ ရှိတယ်ဗျ” ဟု ပြောဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မောင်တော ၄ မိုင်ရပ်ကွက်မှ မူဆလင် တစ်ဦး ဖြစ်သည့် ကိုတင်အောင်စိုးက “ ကျွန်တော်တို့ကို တန်းတူသဘောထားပြီး အခုလိုဆေးထိုးပေးနေတာကို ဝမ်းသာပီတိဖြစ်ရပါတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်၌ ကိုကာကွယ်ဆေးထိုးနှံပေးမည့် ဦးစားပေးအုပ်စု ၁၆ ခု ရှိပြီး ထိုအထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့( EAO) အုပ်စုများလည်း ပါဝင်သဖြင့် အေအေကိုလည်း ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည် ဖြစ်ကြောင်း လွန်ခဲ့သည့် ၂ဝ၂၁ ခုနှစ် စက်တင်ဘာလက ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက သတင်းထောက်များအား အတည်ပြုပြောဆိုခဲ့သည်။

ဆက်စပ် သတင်းများ