တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

Sinopharm ကိုဗစ်ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များလည်း ထိုးနှံနိုင်ဟု ပြည်နယ်ကျန်းမာရေးဌာနက ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2k

မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီလ ၂၆/ ၂၀၂၂
တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးအား ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များကိုလည်း ထိုးနှံပေးနိုင်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရ နို့တိုက်မိခင်များအား Sinopharm ကာကွယ်ဆေးကို အခြားသာမန်လူများကဲ့သို့ ထိုးနိုင်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ဇန်နဝါရီလ ၁၆ ရက်တွင် ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးမှူးများထံပေးပို့သည့်အကြောင်းကြားစာတွင် ဖော်ပြထားသည်။
ဖြစ်ပေါ်လာနိုင်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရန် Sinopharm ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်အမျိုးသမီးများအားလည်း ထိုးနှံသင့်ကြောင်း ဆက်လက်ဖော်ပြထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက် Sinopharm ကိုဗစ်ကာကွယ်ဆေးများကို လက်ခံရရှိခြင်းမရှိသေး၍ မည်သည့်အချိန်တွင် ထိုးနှံနိုင်မည်ကိုမသိနိုင်သေးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာသို့ ပြောသည်။
“အခုနောက်ပိုင်းက Sinopharm တို့၊ Sinovac တို့ မလာတော့ဘူး။ Covishield ရယ်၊ Covaxin ရယ် ဒါပဲလာနေတယ်။ အဲတော့ မူအရ Sinopharm နဲ့ Sinovac ကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ထိုးလို့ရတယ်လို့ပြောထားပေမယ့် ကျနော်တို့ အခုလက်ရှိ Sinopharm နဲ့ Sinovac ရရှိမှုမရှိတော့ဘူး။ လောလောဆယ် ဆေးမရှိသေးတဲ့အတွက် ဆေးထိုးဖို့မရနိုင်သေးဘူး” ဟုပြောသည်။
ကိုယ်ဝန်လနု၊ လရင့်နှင့် ကလေးမွေးဖွားပြီးခါစ နို့တိုက်မိခင်များလည်း Sinopharm နှင့် Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးကို ထိုးနှံနိုင်ပြီး ဆိုးကျိုးနှင့် ကောင်းကျိုးတွင် ကောင်းကျိုးပိုများ၍ ဆေးထိုးနှံပေးသွားမည်ဟုလည်း ဆိုသည်။
စစ်တွေမြို့မှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်သူ မခင်စန်းရွှေက “ဒီမှာ ဆေးထိုးရမယ်လို့ ကြားရင်တော့ အိမ်နဲ့တိုင်ပင်ပြီးမှ ထိုးသင့်၊ မထိုးသင့်ကြည့်သွားပါမယ်။ ဆေးထိုးမယ်ဆိုရင်တော့ ကလေးအတွက် စိုးရိမ်မှုနည်းနည်းတော့ ရှိတယ်”ဟု နိရ ဉ္စရာကို ပြောသည်။
လက်ရှိရခိုင်တွင် ဇန်နဝါရီလပထမအပတ်အထိ လူဦးရေ ၁၁ သိန်းခန့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လက်ရှိ ထိုးပေးနေသော ကိုဗစ်ကာကွယ်ဆေးများမှာ ၆ လခန့်သာ ဆေးအာနိသင်ရှိသည့်အတွက် ဆေးထိုးနှံပြီး ၆ လ ကြာလျှင် ထပ်မံ၍ ဆေးထိုးရန်လိုအပ်ကြောင်း သိရသည်။
ဓာတ်ပုံ - Sinopharm ကိုဗစ်ကာကွယ်ဆေး ဆေးပုလင်းအချို့အားတွေ့ရစဉ်။ Photo - အောင်လင်းထွန်း/ နိရ ဉ္စရာ

ဆက်စပ် သတင်းများ