တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ကိုဗစ်ပိုးတွေ့သူများလာနေ၍ အိုမီခရွန် ဟုတ်/မဟုတ် စိစစ်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 745

နွေဦးမေ
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၄ / ၂၀၂၂
ရခိုင်တွင် ယခုလအတွင်း ကိုဗစ်ပိုးတွေ့သူများလာ၍ အိုမီခရွန်ဟုတ်/မဟုတ် စိစစ်စစ်ဆေးနေရသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာကို ပြေ့ာသည်။
“ခုဆိုရင် အိုမီခရွန်က မြန်မာနိုင်ငံကိုကူးစက်လာပြီဆိုတော့ သတိထားဖို့လိုပါတယ်။ ဒါကြောင့် ခုနောက်ပိုင်း ကိုဗစ်ပိုးတွေ့ရင် အိုမီခရွန်စစ်ဆေးမယ်။ စစ်ဆေးဖို့အတွက် ရန်ကုန်ကိုပို့ဖို့ ကျနော်တို့လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။
ရခိုင်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ သံတွဲနှင့် မြေပုံမြို့နယ်တို့တွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၃ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူဦးရေ သိသိသာသာပြန်တိုးလာနေကြောင်း ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီစာရင်းအရ သိရသည်။
ယင်းအနက် စစ်တွေတွင် ပိုးတွေ့နှုန်းအများဆုံးဖြစ်နေပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်အထိ ၁၅ ဦးတွေ့ရှိထားပြီဖြစ်သည်။
စစ်တွေတွင် ဖေဖော်ဝါရီ ၁၂ ရက်က ၇ ဦးနှင့် ဖေဖော်ဝါရီ ၁၃ ရက်က ၅ ဦးတွေ့ရှိခဲ့သည့်အတွက်လည်း ပိုးတွေ့နှုန်းများလာနေ၍ အိုမီခရွန်ဟုတ်/မဟုတ် စိစစ်နေသည်ဟု ပြည်နယ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။
ကိုဗစ်ဗီဇမျိုးကွဲအိုမီခရွန်ပိုးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအစောပိုင်းက တောင်အာဖရိကနိုင်ငံတွင်စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၂ဝဝ ခန့်တွင် ကူးစက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံတွင် ၂၀၂၁ ဒီဇင်ဘာ ၂၈ ရက်နေ့၌ ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၄ ဦးတွင် စတင်တွေ့ရှိခဲ့သည်။
ယင်းနောက် ပြည်တွင်းကူးစက်မှုအဖြစ် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်တွင် တမူးနှင့် ကလေးမြို့တို့တွင် တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကိုဗစ်မျိုးကွဲဖြစ်သည့် အိုမီခရွန်ရောဂါကူးစက်ခံရပါက ရောဂါလက္ခဏာသည် အဓိကအသက်ရှူလမ်းကြောင်းနှင့်သက်ဆိုင်သည့် ချောင်းဆိုခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အဖျားရှိခြင်း၊ နွမ်းနယ်ခြင်း၊ ဖျားနာခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် အန့ံပုံမှန်မရခြင်းတို့ဖြစ်တတ်ကြောင်း သိရသည်။
------------------------------

ဆက်စပ် သတင်းများ