တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

လေယာဉ်စီးခရီးသည်များ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ကိုဗစ်စစ်ဆေးရမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.2k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၄/၂၀၂၂
လေကြောင်းနှင့် လိုက်ပါမည့်ခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ကိုဗစ်စစ်ဆေးမှုကိုခံယူရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယခုထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ အကျုံးဝင်ပြီး လေကြောင်းဌာနများသို့လည်း ကြိုတင်အသိပေးထားခြင်းများရှိနေပြီဟု စစ်တွေမြို့အခြေစိုက် Star Wave လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကို ပြောသည်။
"ဒီနေ့မနက် ၁၁ နာရီခွဲလောက်က အကြောင်းကြားလာပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ၊ မထိုးထားသည်ဖြစ်စေ ၄၈ နာရီအတွင်း ကိုဗစ်ကာကွယ်ဆေးစစ်ထားတဲ့ ဆေးလက်မှတ်ကိုပြနိုင်မှ လေယာဉ်စီးရပါမယ်။ မနက်ဖြန် ၁၅ ရက်နေ့ကစပြီး အကျုံးဝင်ပါမယ်"ဟု ပြောသည်။
ခရီးသည်များအနေဖြင့် ကျန်းမာရေးဦးစီးဌာနများရှိ သတ်မှတ်ချိန်များအတွင်း ပိတ်ရက်မရှိ အခမဲ့ စစ်ဆေးပေးသော ဓာတ်ခွဲခန်းများနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနှင့် ဓာတ်ခွဲခန်းများတွင် စစ်ဆေးမှုခံယူရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် ပြည်တွင်းလေဆိပ်များတွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်ရောဂါပိုး ဓာတ်ခွဲစမ်းသပ်မည့် ဓာတ်ခွဲခန်းများတွင်လည်း လေယာဉ်မထွက်ခွာမီကြိုတင်သွားရောက်၍လည်း စစ်ဆေးမှုခံယူနိုင်သည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကူးစက်မှုများ မြင့်တက်လာနေသည့်အတွက် ယခုကဲ့သိုထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း Rakhine Covid 19 Watch မှ ကိုဇော်လှိုင်ထွန်းက နိရဥ္စရာကို ပြောသည်။
"ရန်ကုန်မှာဆိုရင်လည်း အိုမီခရွန်က ပြည်တွင်းထဲမှာကိုက ကူးစက်မှုက နည်းနည်းများလာတဲ့အပိုင်းတွေရှိတယ်လေ။ ရခိုင်မှာ လောလောဆယ်မတွေ့သေးပေမယ့် ပြောမရဘူးလေ"ဟု ပြောသည်။
လေယာဉ်စီးခရီးသည်များအနေဖြင့် ကိုဗစ်စစ်ဆေးပြီးမှ လေယာဉ်ဖြင့်သွားလာခွင့်ကို ပြီးခဲ့သည့်၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၁ လအကြာ နိုဝင်ဘာလမှစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပြီး အနည်းဆုံး ၁၄ ရက်ပြည့်ပြီးသောသူများအနေဖြင့် လေကြောင်းခရီးသွားလာသည့်အခါ ကိုဗစ်စစ်ဆေးရန်မလိုအပ်ဘဲ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးသူများသာ စစ်ဆေးရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်အထိ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၄၆,၇၇၁ ဦးနှင့် ကိုဗစ်ကြောင့်သေဆုံးသူ ၁၉,၃၁၀ ဦးရှိနေပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရခိုင်တွင်ဆိုလျှင်လည်း စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ သံတွဲနှင့် မြေပုံမြို့နယ်တို့တွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၃ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူဦးရေ သိသိသာသာပြန်တိုးလာနေကြောင်း ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီစာရင်းအရ သိရသည်။
ယင်းအနက် စစ်တွေတွင် ပိုးတွေ့နှုန်းအများဆုံးဖြစ်နေပြီး ယမန်နေ့အထိ ၁၅ ဦးတွေ့ရှိထားသလို သေဆုံးသူ ၇၄ ဦးရှိခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း သေဆုံးမှုအမြင့်ဆုံးမြို့နယ်လည်းဖြစ်သည်။

ဆက်စပ် သတင်းများ