တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်မှ လေယာဉ်စီးခရီးသည်များအား ကိုဗစ်ပိုးစစ်ဆေးရာ ယမန်နေ့ ၁ ရက်အတွင်း ၁၂ ဦးပိုးတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.3k


ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၅/ ၂ဝ၂၂
ရခိုင်မှ လေယာဉ်စီးမည့်ခရီးသည်များအား ကိုဗစ်ပိုးစစ်ဆေးရာ ယမန်နေ့ ၁ ရက်အတွင်း ၁၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်စီးနင်းလိုက်ပါမည့်သူ ၁၇၅ ဦးကိုစစ်ဆေးခဲ့ရာတွင် ၁၂ ဦးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
“ပိုးတွေ့သူတွေကို MOH (ကျန်းမာရေးဝန်ကြီးဌာန)သတ်မှတ်ချက် version T အရ ဆေးရုံပို့ ကုသခံစေခြင်း၊ ဆက်စပ်သူတွေ HQ (နေအိမ် ကော်ရန်တင်း)ထားခြင်းကို သက်ဆိုင်ရာက မျက်ခြေမပြတ် ဆောင်ရွက်နေပါတယ်”ဟု ရေးသားထားသည်။
ရခိုင်တွင် ယမန်နေ့ ၁ ရက်အတွင်း စစ်တွေမှလေယာဉ်စီးခရီးသည် ၁၂ ဦးအပါအဝင် အမ်းမြို့နယ်မှ ၁ ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့သည်ဟု ဦးလှသိန်း၏ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် အိုမီခရွန်ကိုဗစ်ပိုးကူးစက်ခံရမှုမြင့်တက်လာနေသည့်အတွက် ယနေ့မှစတင်ကာ လေယာဉ်စီးနင်းလိုက်ပါမည့်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးပြီးသည်ဖြစ်စေ ကိုဗစ်စစ်ဆေးခြင်းကိုခံယူပြီးမှ လေယာဉ်စီးခွင့်ရရှိမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရခိုင်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ သံတွဲ၊ မြေပုံနှင့် အမ်းမြို့နယ်တို့တွင် ကိုဗစ်ပိုးရှိသူများ တိုးလာနေပြီး ယင်းအထဲတွင် စစ်တွေသည် ပိုးတွေ့သူအများဆုံးမြို့နယ်ဖြစ်သည်ဟု ပြည်နယ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိ၍ စစ်တွေတွင် ၁၉ ဦး၊ မြေပုံတွင် ၁ ဦး၊ ကျောက်ဖြူတွင် ၁ ဦးနှင့် သံတွဲတွင် ၂ ဦး၊ စုစုပေါင်း ၂၃ ဦးအထိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေရသည်ဟုလည်း ဆိုသည်။
ရခိုင်တွင် ယမန်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၅၂ဝဝ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၅ဝ၁ ဦးရှိခဲ့သည်ဟု ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - စစ်တွေလေဆိပ်တစ်နေရာအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ