တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ၁ ရက်အတွင်း စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် လေကြောင်းခရီးသည်များအပါအဝင် ၇၂ ဦး၌ ကိုဗစ်ပိုးတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆ / ၂၀၂၂
ရခိုင်ပြည်နယ်တွင် ယမန်နေ့ ၁ ရက်အတွင်း စစ်တွေတက္ကသိုလ်မှဆရာ၊ ဆရာမများနှင့် လေယာဉ်စီးခရီးသည်များအပါအဝင် လူပေါင်း ၇၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်မှ ဆရာမ ၁ ဦး၌ကိုဗစ်ပိုးတွေ့ရာမှ စစ်ဆေးရာ ဆရာ၊ ဆရာမ ၁၀ ဦးခန့်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည်ဟု သိရသည်။
အလားတူ စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူမြို့တို့မှ လေကြောင်းဖြင့်ထွက်ခွာမည့်ခရီးသည်များအပါအဝင် ပြင်ပမှ ပုံမှန်စစ်ဆေးခဲ့သူ စုစုပေါင်း ၆ဝ ကျော်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာကို ပြောသည်။
“အဓိကတော့ စစ်တွေတက္ကသိုလ်က ဆရာမတစ်ယောက်မှာ ပိုးတွေ့တာကိုစစ်တာ။ ဝန်ထမ်းတွေကိုလည်း စစ်တာ။ အဲ့မှာ တွေ့ကြတာ။ လေယာဉ်စီးမယ့်ခရီးသည်တွေအပါအဝင် ၆၀ ကျော်လောက်တွေ့တာ”ဟု ပြောသည်။
ယမန်နေ့ကတွေ့ရှိခဲ့သူများတွင် စစ်တွေမှ ၆၂ ဦး၊ ကျောက်ဖြူမှ ၄ ဦးနှင့် သံတွဲမှ ၆ ဦးတို့ဖြစ်သည်ဟုလည်း ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တု့ံပြန်ရေးကော်မတီ၏စာရင်းအရ သ်ိရသည်။
မြန်မာနိုင်ငံတွင် အိုမီခရွန်ပိုးကူးစက်ခံရမှုမြင့်တက်လာနေသည့်အတွက် ယမန်နေ့မှစတင်ကာ လေယာဉ်စီးနင်းလိုက်ပါသူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးပြီးသည်ဖြစ်စေ ကိုဗစ်စစ်ဆေးခြင်းကိုခံယူပြီးမှ လေယာဉ်စီးခွင့်ရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ရခိုင်တွင်လည်း ဖေဖော်ဝါရီအတွင်း ကိုဗစ်ပိုးတွေ့သူများပြားလာနေသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက ပိုးတွေ့သူ ၁၂ ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်တို့ကို အိုမီခရွန် ဟုတ်/မဟုတ်စစ်ဆေးရန် ရန်ကုန်သို့ပို့ထားပြီး အဖြေကိုမသိရသေးဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“အဲဒီထဲကမှ ၄ ယောက်ကသာ အိုမီခရွန်ဖြစ်ခဲ့ရင် ကျန်တဲ့လူတွေက စစ်ဆေးစရာမလိုတော့ပါဘူး။ အကုန်လုံး အိုမီခရွန်ပဲ”ဟု ပြောသည်။
ရခိုင်တွင် ယမန်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၅,၃၅၈ ဦးနှင့် သေဆုံးသူ ၅၀၁ ဦးထိရှိကြောင်း ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တု့ံပြန်ရေးကော်မတီ၏စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ