တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် အိုမီခရွန်ကိုဗစ်ကူးစက်ခံထားရသူ ၉ ဦး တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.3k


မြထွီးသျှှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/၂၀၂၂
ရခိုင်ပြည်နယ်တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကိုဗစ်ကူးစက်ခံထားရသူ ၉ ဦးတွေ့ရှိရကြောင်း ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်က လေယာဉ်စီးခရီးသည် ၁၀ ကျော်နှင့် စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၅၀ ကျော်တို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ရာ ထိုအထဲမှ ၉ ဦး၏ နှာခေါင်းနှင့်တို့ဖတ်နမူနာများကို ရန်ကုန်သို့ပို့ဆောင်ကာ အိုမီခရွန်ဟုတ်/မဟုတ် စစ်ဆေးခဲ့ရာတွင် ၉ ဦးစလုံး၌ အိုမီခရွန်ကိုဗစ်ရောဂါပိုးကူးစက်ခံထားရခြင်းဖြစ်သည်။
“ရခိုင်ပြည်နယ်က ပို့တဲ့ တို့ဖတ် နမူနာ (၉) ခု၊ လူ(၉) ဦးမှာ Omicron positive ဖြစ်တယ်လို့သိရပါတယ်။ ကူးစက်ရောဂါသတိ အားလုံးရှိကြပါစေ”ဟု ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ဆိုထားသည်။
အဆိုပါ ၉ ဦးတွင် စစ်တွေတက္ကသိုလ်မှ ၄ ဦးနှင့် လေယာဉ်စီးခရီးသည် ၅ ဦးတို့ပါဝင်ကြောင်း သိရသည်။
ရခိုင်တွင် ယမန်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၅,၄၃၆ ဦးနှင့် သေဆုံးသူ ၅၀၁ ဦးရှိကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စာရင်းအရ သိရသည်။
မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကိုဗစ်ကူးစက်ခံထားရသူများကို မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ပမှ ဝင်ရောက်လာသူများထံမှ စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။
အိုမီခရွန်သည် ရောဂါပြင်းထန်မှုမရှိသော်လည်း ကူးစက်မြန်တတ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ