တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

လေယာဉ်ဖြင့်ခရီးသွားသူများကိုသာစစ်ဆေးပြီး ကားဖြင့်သွားလာသူများကို ကိုဗစ်စစ်ဆေးမှုမရှိ၍ ဝေဖန်မှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/ ၂ဝ၂၂
ရခိုင်ပြည်နယ်မှ စစ်တွေ၊ သံတွဲနှင့် ကျောက်ဖြူမြို့များနှင့် ရန်ကုန်အကြား လေယာဉ်ဖြင့် ခရီးသွားလာသူများကိုသာ ကိုဗစ်ပိုးစစ်ဆေးပြီး ကားဖြင့် သွားလာသူများကို ကိုဗစ်ပိုး ရှိ မရှိ စစ်ဆေးခြင်း မရှိသဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေသည်ဟု သိရသည်။
Women Generation ၏ ဒါရိုက်တာ မခင်မြင့်ဇော်က “ကားနဲ့သွားတဲ့ လူတွေကို မစစ်ဘူးလို့ ကြားပါတယ်။ ဒီလိုလုပ်ထားတာက ဘာထိရောက်မှုမှ မရှိဘူးလို့ထင်တယ်။ ကားနဲ့လည်း သွားနေကြတာပဲ။ လေယာဉ်နဲ့ သွားတာက ပိုနည်းမယ်။ ကားနဲ့သွားသွား၊ လေယာဉ်နဲ့သွားသွား အဝင်အထွက်တွေကို ဂိတ်တွေမှာ သေချာစစ်ဆေးရမယ်လို့မြင်တယ်” ဟုပြောသည်။
ရခိုင်တွင် ဖေဖော်ဝါရီလအတွင်း ကိုဗစ်ပိုးတွေ့သူများလာနေသည့်အတွက် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ ရန်ကုန်နှင့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ အကြား လေယာဉ်စီးနင်း လိုက်ပါမည့်သူများကို ကိုဗစ်ကာကွယ်ဆေး ထိုးပြီးဖြစ်သည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ကိုဗစ်ပိုးစစ်ဆေးရန် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။
သို့သော် ကားဖြင့်ခရီးသွားလာသူများကိုမူ ကိုဗစ် စစ်ဆေးမှု တစ်စုံတစ်ရာ မရှိသဖြင့် လေယာဉ်စီး ခရီးသည်တစ်ခုတည်းကိုသာ စစ်ဆေး၍ အကျိုးမထူးကြောင်းနှင့် ကိုဗစ်ကို ကာကွယ်ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း မခင်မြင့်ဇော်က ပြောဆိုသည်။
ရွှေညီအစ်ကို ကုန်စည်နှင့် ခရီးသည်ပို့ဆောင်ရေး ကားဂိတ်တာဝန်ရှိသူ တစ်ဦးကလည်း ၎င်းတို့ အနေဖြင့် ကိုဗစ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ညွှန်ကြားချက်မရရှိသေးသဖြင့် ကားဖြင့်သွားလာသည့် ခရီးသည်များကို တစ်စုံတစ်ရာ စစ်ဆေးခြင်း မရှိသေးဟု ပြောဆိုသည်။
“လမ်းတွေမှာလည်း ဒီတိုင်းသွားနေကြတာပါပဲ။ မှတ်ပုံတင်တွေနဲ့ပေါ့။ ကိုဗစ်ဆေးထိုး ထားတဲ့သူတွေပါရင်တော့ ပိုကောင်းတာပေါ့။ ကားနဲ့ သွားတဲ့ ခရီးသည်တွေကို စစ်ဆေးတာမျိုးတော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မည်သို့စီမံဆောင်ရွက်မည်ဆိုသည်ကိုသိလို၍ ပြည်နယ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်တို့ ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
ရခိုင်တွင် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ယနေ့အထိ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူနှင့် အမ်းမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့သူဦးရေများလာနေပြီး ယင်းအထဲတွင် စစ်တွေသည် ပိုးတွေ့သူ အများဆုံးမြို့နယ်ဖြစ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်က လေယာဉ်စီးခရီးသည် ၁ဝ ကျော်နှင့် စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၅ဝ ကျော်တို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် ယင်းအထဲမှ ၉ ဦး၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ကို အိုမီခရွန်ဟုတ်၊ မဟုတ် ရန်ကုန်သို့ ပေးပို့စစ်ဆေးခဲ့ရာ ၉ ဦးစလုံး၏ စစ်ဆေးချက်တွင် အိုမီခရွန် ကိုဗစ်ပိုးကူးစက်ခံထားရသည်ကို တွေ့ရကြောင်း ပြည်နယ် ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အိုမီခရွန်မှာ ရောဂါပြင်းထန်မှုမရှိသော်လည်း ကူးစက်မြန်တတ်သည့်အတွက် ဂရုတစိုက်နေထိုင်သင့်ပြီး အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ကာ ကိုဗစ်စည်းကမ်းနှင့်အညီ နေထိုင်သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရခိုင်တွင် ယမန်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၅,၄၃၆ နှင့် သေဆုံးသူ ၅ဝ၁ ဦးရှိကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ