သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းထိုးနှံပြီးစီး၊ ကျန် ၃၀ ရာခိုင်နှုန်းကို ဧပြီလတွင် အပြီးထိုးမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k


မြထွီးသျှင်
နိရဥ္စရာ၊ မတ် ၁၉/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူ ၇၀ ရာခိုင်နှုန်းကိုထိုးနှံပြီးပြီဖြစ်၍ ကျန် ၃၀ ရာခိုင်နှုန်းအား လာမည့် ဧပြီလကုုန်တွင် အပြီးအစီးထိုးနိုင်ရန် စီစဉ်နေကြောင်း ပြည်နယ်ကောင်စီမှ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက နိရဥ္စရာသို့ပြောသည်။
“ငါတို့ထိုးဖို့ရည်ရွယ်ချက်ကတော့ ဧပြီလအကုန်မှာ အပြီးပေါ့။ အဲဒါရည်ရွယ်ထားတယ်၊ အဲဒီဟာကို အကောင်အထည်ဖော်ဖို့လုပ်နေတယ်။ ထိုးမဲ့အစီအစဉ်တွေကတော့ ထွေအုပ်နဲ့ ဆေးထိုးမဲ့ကျန်းမာရေးနဲ့ ပေါင်းပြီးတော့ လုပ်နေတယ်” ဟုပြောသည်။
ရခိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ထိုးနှံရမည့်စာရင်းအရ လူဦးရေ ၁၈ သိန်းကျော်ရှိသည့်အနက် မတ်လ ဒုတိယပတ်အထိ ၇ဝ ရာခိုင်နှုန်းကိုထိုးနှံပြီးစီးနေခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
ယခုထိုးနှံပြီးထားသူများတွင် ကာကွယ်ဆေး တစ်ကြိမ်၊ နှစ်ကြိမ်နှင့် သုံးကြိမ်ထိုးထားသူများပါဝင်သည်ဟု သိရသည်။
ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း စတင်ထိုးပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးများလည်း အလုံအလောက်ရှိနေသည့်အတွက် မထိုးရသေးသူများအနေဖြင့် လာရောက်ထိုးနှံကြရန်လည်း ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
ရခိုင်တွင် ၂ဝ၂ဝ ပြည့်နှစ်မှ ယခုအချိန်အထိ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် လူပေါင်း ထောင်နှင့်ချီ ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၅ဝဝ ကျော်အထိရှိခဲ့ကြောင်း ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီစာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ