သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်ဖြူ မင်းဂံတိုက်နယ်ဆေးရုံသုံးပစ္စည်းများအတွက် ဒေသခံများက ကိုယ်ထူကိုယ်ထ ဖြည့်ဆည်းပေးနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

နိရဥ္စရာ၊ ဇူလိုင် ၉/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မရဇိုင်းကျွန်း အမှတ်(၈)ရှိ မင်းဂံကျေးရွာ တိုက်နယ်ဆေးရုံအတွက် ဆေးရုံးသုံးပစ္စည်းများ လုံလောက်မှုမရှိ၍ ဒေသခံများက ကိုယ်ထူကိုယ်ထ လှူဒါန်းဖြည့်ဆည်းပေးနေရသည်ဟု သိရသည်။
အဆိုပါမင်းဂံတိုက်နယ်ဆေးရုံတွင် အဓိကဦးစားပေးလိုအပ်နေသည်မှာ လျှပ်စစ်မီးနှင့် ကိုယ်ဝန်ဆောင်မိခင်များ သားပျက်၊ သားလျှောဖြစ်သည့်အခါသုံးသည့် D and C set ပစ္စည်းတစ်စုံအပြင် ထိုင်ခုံများ၊ ဆေးဗီရိုများ၊ စားပွဲခုံများနှင့် လူနာသုံး အိပ်ခုတင်များလိုအပ်နေသည်ဟု သိရသည်။
ထိုလိုအပ်ချက်များကို အထက်ကိုတင်ပြသော်လည်း အဆင်မပြေသည့်အတွက် ဒေသခံများဖြင့် ဆေးရုံကော်မတီတစ်ရပ်ဖွဲ့ကာ အလှူငွေများကောက်ခံရန်စီစဉ်နေရသည်ဟုလည်း အဆိုပါတိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာအောင်ထွန်းမြင့်က နိရဥ္စရာကိုပြောသည်။
"ဒီအခက်အခဲတွေကို အထက်ကိုတင်ပြထားတော့ လျှောက်လို့မရနိုင်ဘူးဆိုလို့ လျှောက်ထားတာလည်း မရှိဘူး။ မရနိုင်တာကိုလျှောက်လို့ ဘာမှမထူးဘူးလေ။ ဆေးရုံကော်မတီဖွဲ့ပြီးတော့ ဆေးရုံဘတ်ဂျက်မျိုးတည်ဆောက်ရမယ်။ အလှူခံရင်း ဘတ်ဂျက်ငွေကောက်ပြီး တဖြည်းဖြည်းချင်းလုပ်သွားရမယ်" ဟု ပြောသည်။
ဆေးရုံအတွက် လိုအပ်သည့် လျှပ်စစ်မီးစက်၊ မီးစက်နှိုးရန် ဆီ၊ ဆိုလာပြား၊ သစ်သားကုလားထိုင်များနှင့် ပလက်စတစ်ကုလားထိုင်များ အစရှိသည့် ပစ္စည်းများကို ဒေသခံများက တတ်နိုင်သလောက် လှူဒါန်းနေကြသည်ဟုလည်း ဒေါက်တာအောင်ထွန်းမြင့်က ပြောသည်။
“မီးမရှိတော့ ဘာမှလုပ်လို့မရဘူး။ လက်ရှိဆေးရုံမှာ သုံးနေတဲ့ မီးစက်၊ ဆီစရိတ်တွေကော ရွာသားတွေက ထောက်ပံ့ပေးတယ်။ တစ်နေ့မှာ မီးစက် ၃ နာရီမောင်းတယ်”ဟု ပြောသည်။
အဆိုပါဆေးရုံတွင် ဆေးရုံသုံးပစ္စည်းများလိုအပ်နေ၍ ဒေသခံများက မိမိတို့တတ်နိုင် သလောက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် လှူဒါန်းဖြည့်ဆည်းနေကြပြီး နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေးအဆင်မပြေကြသော်လည်း မိမိတို့ဒေသရှိ ဆေးရုံ၏လိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည်းဆည်းပေးနေခြင်းဖြစ်သည်ဟု မင်းဂံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက ပြောသည်။
"ဆေးရုံမှာက မီးအဓိကလိုအပ်ပါတယ်။ အရေးပေါ်ခွဲစိပ်လူနာတွေရောက်လာရင် မီးမရှိရင် အဆင်မပြေဘူးလေ။ ကျွန်တော်တို့ဒေသက ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံလည်း မဟုတ်ဘူး။ နိုင်ငံရေးအခြေအနေတွေကြောင့် စီးပွားရေးအဆင်မပြေလည်း ဆေးရုံလိုအပ်ချက်တွေကို ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးနေရတယ်" ဟု ပြောသည်။
အဆိုပါဆေးရုံသည် ခုတင် (၅ဝ)ဆံ့တိုက်နယ်ဆေးရုံတစ်ရုံဖြစ်ပြီး လွန်ခဲ့သည် ၂၀၁၆ ခုနှစ်မှစတင်ကာ ကျပ်သိန်းပေါင်း ၆ ထောင်ကျော်အကုန်ကျခံ၍ မရဇိုင်းကျွန်းနှင့် မြို့ချောင်းကျွန်းကျေးရွာအုပ်စုနှစ်စုပေါင်းရှိ ကျေးရွာပေါင်း ၆ဝ ခန့်အတွက် အစိုးရက တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်နယ်ဆေးရုံကို ၂၀၁၈ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့သော်လည်း တာဝန်ထမ်းဆောင်ရန်ဆရာဝန်မရှိ၍ဟုဆိုကာ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပေ။
ယင်းနောက် ဒေါက်တာအောင်ထွန်းမြင့် အဆိုပါဆေးရုုံသို့တာဝန်ကျလာမှ သူ၏ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် ထိုဆေးရုံကို စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါဆေးရုံ၌ ဒေါက်တာအောင်ထွန်းမြင့်အပါအဝင် သူနာပြု ၅ ဦးနှင့် အလုပ်သမား ၄ ဦး၊ စုစုပေါင်း ၁ဝ ဦးတာဝန်ထမ်းဆောင်နေသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ