ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

သံတွဲတွင် ကျောင်းပေါင်းစုံဘောလုံးပွဲသို့လာရောက်အားပေးသူ ၂ဝ ကျော် မူးမေ့သတိလစ်မှုဖြစ်ပွား


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

(ယင်းအနက် ယောက်ျားလေး ၁ ဦးနှင့် မိန်းကလေး ၂ ဦးကို ဆေးရုံတင်လိုက်ရ)

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ကျင်းပနေသည့် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲသို့ လာရောက်အားပေးသူ ၂ဝ ကျော်သည် ရုတ်တရက်မူးမေ့သတိလစ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

မူးမေ့သွားသူများမှာ သံတွဲမြို့နယ်၊ ကင်းမော် အ.ထ.က အသင်းမှ အသင်းသားများနှင့် လာရောက် အားပေးကြသူများအထဲမှ ယောကျာ်းလေး ၂ ဦးနှင့် မိန်းကလေး ၂၀ ဦး၊ စုစုပေါင်း ၂၂ ဦးဖြစ်သည်။

ယမန်နေ့ စက်တင်ဘာလ ၁ ရက်၊ ညနေပိုင်းက သံတွဲမြို့ရှိ မြို့နယ်အားကစားကွင်းတွင် ကင်းမော် အ.ထ.က အသင်းနှင့် ဂျိတ္တော အ.ထ.က အသင်းတို့ ဆီးမီးဖိုင်နယ်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းယှဉ်ပြိုင်ရာသို့သွားရောက်အားပေးခဲ့ကြသည့် အ.ထ.က ကင်းမော်အသင်းမှ အသင်းသားများနှင့် ပရိသတ်များသည် ပြိုင်ပွဲပြီးနောက် ညနေပိုင်းတွင် သံတွဲမြို့နှင့် ၅ မိုင်ခွဲခန့်ဝေးသည့် ကင်းမော်ရွာသို့ ကားဖြင့်ပြန်ပြီးနောက် ရွာသို့ပြန်ရောက်စဉ် မူးမေ့သတိလစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကားပေါ်၌ လူပြည့်ကျပ်ကာ ဘောလုံးကန်ထားသည့် အပူဒဏ်နှင့်ရောပြီး မူးမေ့သွားကြခြင်း ဖြစ်သည်ဟု သံတွဲမြို့မှ မြို့ခံတစ်ဦးက ပြောသည်။


"မနေ့က ဘောလုံးကန်ကြတာ နေပူတယ်။ အပူဒဏ်နဲ့ဖြစ်တာပေါ့။ ပွဲစဉ်တွေကလည်း ဆက်နေတာ။ လူတွေကလည်း ကျိတ်ကျိတ်တိုးနေတာ။ ဒုတိယပွဲပြီးလို့ အိမ်ပြန်ကြတာ။ အဲ့ဒါ ရွာရောက်မှဖြစ်တာပါ" ဟု ပြောသည်။

မူးမေ့သူ ၂ဝ ကျော်အနက် ယောကျာ်းလေး ၁ ဦးနှင့် မိန်းကလေး ၂ ဦးကို ယမန်နေ့ည ၁၀ နာရီက သံတွဲမြို့ဆေးရုံသို့ ညတွင်းချင်းတင်လိုက်ရပြီး ညဉ့် ၁၂ နာရီကျော်တွင် သတိပြန်ရလာခဲ့သည်ဟု သိရသည်။

သံတွဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက "စိုးရိမ်ရတာတော့ မရှိပါဘူး။ မနေ့က ည ဆယ်နှစ်နာရီကျော်အထိ ဆေးရုံမှာရှိခဲ့တယ်။ ပြန်ကောင်းသွားလို့ အကုန်လုံး အိမ်ပြန်ရောက်နေကြပါပြီ" ဟု ပြောသည်။

ယမန်နေ့က အ.ထ.က ကင်းမော်အသင်းနှင့် အ.ထ.က ဂျိတ္တောအသင်း ဆီမီးဖိုင်နယ်ပွဲကစားကြရာတွင် အ.ထ.က ဂျိတ္တောအသင်းက အ.ထ.က ကင်းမော်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

သံတွဲမြို့နယ်မှ အခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၂ဝ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ သံတွဲမြို့ရှိ မြို့နယ်အားကစားကွင်းတွင် မြို့နယ်အား/ကာက ကြီးမှူးကျင်းပနေခြင်း ဖြစ်သည်။ 

 

ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်၊ နံနက်ကလည်း မြောက်ဦးမြို့နယ်၊ (ကုလားပုန်း) ညောင်ပင်လယ် ကျေးရွာ အထက်တန်းကျောင်းခွဲမှ Grade- 9 ကျောင်းသူ ၄ ဦးမှာ ကျောင်းစာသင်ခန်းထဲ ရုတ်တရက်အသက်ရှူကျပ်၍ ဆေးရုံတင်လိုက်ရသည်ဟု သိရသည်။

မည်သည့်ရောဂါလက္ခာမှမရှိ၍ နောက်တစ်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ကျွဲတဲကျေးရွာ အထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ကျော်သည် စာသင်နေရင်း ရုတ်တရက် အသက်ရှုမရ မွန်းကျပ်လာသည့်အတွက် ဆေးရုံသို့ အရေးပေါ်တင်ခဲ့ရကြောင်း သိရသည်။ (NN-12)

 

ဓာတ်ပုံ - သံတွဲမြို့နယ် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို လာရောက်အားပေးသူများအားတွေ့ရစဉ်

 

Photo - Credit

ဆက်စပ် သတင်းများ