သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်မှ ကျေးရွာသားများ ထပ်မံထွက်ပြေးရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၃ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်မှ ကျေးရွာသားအများအပြားသည် တပ်မတော်သားများရွာထဲတွင် ဝင်ရောက်နေရာယူလာသဖြင့် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်၍ ရွာထဲကနေ ထွက်ပြေးခဲ့ကြသည်ဟု ကျေးရွာသားများက ပြောကြားသည်။

ထွက်ပြေးခဲ့ကြရသည့် ရွာများမှာ ဘူးသီးတောင်မြို့နယ်မှ စည်တောင်၊ သပြေဆိပ်၊ ကျောက်ပြင်ဆိပ်နှင့် ရသေ့တောင် မြို့နယ်မှ ရေကောင်းချောင်း၊ သိုင်းတစ်ပုတ် ကျေးရွာများဖြစ်ကြပြီး လူဦးရေအားဖြင့် တစ်ထောင်ခန့်ရှိသည်ဟု ဒေသခံများက ပြောကြားသည်။

သပြေဆိပ်ကျေးရွာသား တစ်ဦးက “ ကျွန်တော်တို့ရွာက စည်တောင် အနီးမှာ တည်ရှိပါတယ်။ ဒီလ ၂၈ ရက် နံနက်က စည်တောင်ရွာက သေနတ်သံတွေကြားရတယ်။ ရွာထဲကိုလည်း စစ်သားတွေ ဝင်လာတဲ့ အတွက် ကြောက်ပြီး ထွက်ပြေးလာကြတာပါ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်ပြေးလာကြရတာပါ။ ကျွန်တော်တို့က အခု ဇေယျာမြိုင်ကို ရောက်နေပါတယ်။ တစ်ချို့က အုန်းချောင်းရွာဘက်ကို ရောက်သွားပါတယ်” ဟု ပြောကြားသည်။

သပြေဆိပ်ကျေးရွာသည် အိမ်ခြေ ၄ဝ ကျော်ရှိပြီး လူဦးရေ ၂ဝဝ ကျော်ရှိကာ ရွာတွင် ဘုန်းတော်ကြီးတစ်ပါးနှင့် ကျောင်းတကာတစ်ဦးသာကျန်ရှိခဲ့သည်ဟု ဆိုသည်။

အသက် ၂ဝ အရွယ် သပြေဆိပ် ကျေးရွာမှ အမျိုးသမီးငယ် တစ်ဦးက “ ကျွန်မတို့က ကြောက်ပြီး ထွက်ပြေးတာပါ။ စစ်တပ်က သေနတ်ပစ်တာက ကျွန်မတို့ရွာမှာ ပစ်တာ မဟုတ်ပါ။ စည်တောင်မှာ ပစ်တာပါ။ ကျွန်မတို့က ကြောက်ပြီးထွက်ပြေးကြတာပါ။ လှေလည်းမရှိတော့ ခြေကျင်ဘဲ ထွက်ပြေးရပါတယ်။ အခု ဇေယျာမြိုင် (အိုးဖောက်) ကျေးရွာက ဆွေမျိုးအိမ်မှာ တည်းခိုနေကြရပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ စေတီတောင် ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ စေတီတောင်စစ်ပြေးရှောင်စခန်းသို့ စည်တောင်ရွာမှ မိသားစု ၁၅ စု၊ ရေကောင်းချောင်းရွာမှ ၈ စု၊ စုစုပေါင်း လူဦးရေ ၁ဝဝ ကျော် ယမန်နေ့က ထွက်ပြေးလာကြသည်ဟု ပြောကြားသည်။

“ သေနတ်ပစ်သံတွေကြားတော့ ကြောက်ပြီး ထွက်ပြေးလာကြတာ။ အခုလက်ရှိ အသစ်ရောက်လာတဲ့ စာရင်းတွေတော့ ကောက်ယူနေပါတယ်။ သူတို့က အခြေအနေကို ကြည့်နေတယ်။ တပ်က ရွာထဲမှာရှိနေတော့ မသွားရဲကြသေးဘူး” ဟု စေတီတောင် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်က တပ်မတော်က နယ်မြေရှင်းလင်းသည့် အနေဖြင့်  စည်တောင်ကျေးရွာ အတွင်းသို့ သေနတ် ပစ်ခတ် ဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်သဖြင့် စည်တောင်ရွာသာမက အနီးအနားကျေးရွာများမှ ရွာသားများလည်း ထွက်ပြေးခဲ့ကြကြောင်း၊ ၎င်းထွက်ပြေးခဲ့ကြသည့် ကျေးရွာသားများသည် လောလောဆယ်တွင် ဇေယျာမြိုင် (အိုးဖောက်)၊ သမီးလှရွာဟောင်း၊ ဆင်ခုံးတိုင်၊ ကျိန်ကျောင်၊ မာန်အောင် ကျေးရွာများသို့ ရောက်ရှိ ခိုလုံနေကြသည်ဟု ဆိုသည်။

ဇေယျာမြိုင် (ခ) အိုးဖောက်ကျေးရွာသို့ ဆက်သွယ်ရာ ဦးမောင်လှတင်က “ တောင်ရင်း တစ်လျှောက်က ရွာတွေ အကုန်လုံးပြိုပါတယ်။ တပ်ကနေ အဲဒီ ရွာစဉ် တစ်လျှောက် ပစ်ခတ်တော့ အကုန်လုံး ထွက်ပြေးကြတယ်။ ပိုက်ဆံရှိတဲ့လူတွေက မြို့ပေါ်ကို တက်ပြေးကြတယ်။ မရှိတဲ့လူက ရပ်တည်ခံကြတယ်။ အခု ကျွန်တော်တို့ ရွာမှာဆိုရင် လူပေါင်း ၄ဝဝ နဲ့ ၅ဝဝ အကြားမှာ ရောက်ရှိနေပါတယ်။ တစ်ရက် နှစ်ရက်ဆိုရင်တော့ ပြဿနာမဟုတ်ဘူး။ ရေရှည်ဖြစ်လာရင်တော့ စားဝတ်နေရေး အခက်အခဲ ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေသို့ ဆက်သွယ်ရာ ရွာသားများ ထွက်ပြေးနေသည့် သတင်းများကို ကြားရကြောင်း၊ လက်ရှိတွင် လူဦးရေ စာရင်းကို ကျေးရွာများမှ တောင်းခံထားသည်ဟု ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းအဆက်အသွယ် မရရှိသေးပါ။

(ဓာတ်ပုံ - Myo Ko Khaing)

-------------------------

Unicode:



နိရဉ်စရာ၊ အောကျတိုဘာ ၃ဝ/၂ဝ၁၉












(ဓာတျပုံ - Myo Ko Khaing)

ဆက်စပ် သတင်းများ