သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရွာပြန်သူ မြေပုံမြို့နယ် စညင်းကျေးရွာသားများ သေနတ်ပစ်ခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅ / ၂ဝ၂ဝ

နေရပ်ပြန်သည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညင်းကျေးရွာသားများသည် သေနတ်ပစ်ခံရသဖြင့် ရွာထဲကိုဝင်ခွင့်မရဘဲ စစ်ဘေးရှောင်စခန်းသို့ ပြန်လှည့်လာခဲ့ရသည်ဟု သတင်းရရှိသည်။

“ရွာကိုသွားရင် သေနတ်နဲ့ လိုက်ပစ်ပါတယ်။ ကျွန်တော်တို့က စက်လှေနဲ့ ရွာကို ပြန်သွားပါတယ်။ ရွာအဝင်တို့ ရွာအနားက ချောင်းထဲတို့ကို ရောက်ရင် လှမ်းပစ်ပါတယ်။ စညင်းကို မရောက်ခင် ကဇုကိုင်းကလာတဲ့ လမ်းဘက်က လှမ်းပစ်တာပါ။ အဲဒီနားမှာ အရင်တိုက်ပွဲဖြစ်တဲ့ အချိန်ကတည်းက အခုထိ စစ်သားတွေ စခန်းချလို့နေတဲ့ ပုံစံမျိုးနဲ့ တူပါတယ်။ ကျွန်တော်တို့ ဘယ်လိုမှ ရွာထဲကို ပြန်သွားလို့ မရပါဘူး။ ကျွန်တော်တို့ ရွာသားတွေကို အေအေက လူတွေ ရိက္ခာသွားပို့တာထင်လို့ လှမ်းပစ်တာ ထင်ပါတယ်”ဟု မြေပုံမြို့နယ် ညောင်ကန်ကျေးရွာတွင် ထွက်ပြေးခိုလှုံနေသည့် ဦးအောင်သန်းက နိရဥ္စရာသို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အဆိုပါ စညင်းကျေးရွာအနီး နှစ်ဘက်အပြန်လှန် တိုက်ပွဲများပြင်းထန်ခဲ့ပြီး ရွာသား၊ သူ ၁၂ဝဝ ခန့်မှာ မြေပုံမြို့နယ် စက်ခွေကျေးရွာ၊ စိတ္တရကျေးရွာ၊ ငန်းတောင်ကျေးရွာ၊ ညောင်ကန်ကျေးရွာနှင့် ကမ်းထောင်းကြီးမြို့တို့တွင် ယာယီထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယင်းအနက် ညောင်ကန်ကျေးရွာနှင့် ကမ်းထောင်းကြီးမြို့၌ ထွက်ပြေးခိုလှုံနေသည့် စညင်းကျေးရွာမှ ဒေသခံ ကျား/မ ၃ဝ ခန့်သည် ဇန်နဝါရီ ၁၄ ရက်နေ့က စညင်းကျေးရွာသို့ စက်လှေဖြင့်သွားစဉ် စစ်တပ်က သေနတ်ဖြင့်လှမ်းပစ်၍ ကျေးရွာအတွင်းသို့ ဝင်၍မရခဲ့ဘဲ စစ်ဘေးရှောင် စခန်းကို ပြန်လှည့်လာခဲ့ရကြောင်း ဦးအောင်သန်းက  ပြောသည်။

“ဟိုတစ်နေ့က ကျွန်မတို့ ရွာကိုသွားတော့ ရွာအနားမှာရှိတဲ့ တောင်နားတွေက စစ်သားတွေ သေနတ်နဲ့ လှမ်းပစ်ပါတယ်။ ရွာထဲကို ဝင်လို့ မရခဲ့ပါဘူး။ အဲဒီထဲက ရွာမှာ စပါးတွေ မရိတ်ဘဲ ကျန်ခဲ့တဲ့သူတွေကျတော့ အရဲစွန့်ဝင်လို့ ရွာမှာ အခုလူ ၂ဝ ကျော်လောက်တော့ ရှိပါတယ်။ ”ဟု စညင်းကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်မဌေးမြင့်က နိရဥ္စရာသို့ ပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက “အင်ကြင်းတောင်ဘက်ကတော့ သူတို့ မသင်္ကာရင် လှမ်းပစ်တာတို့ ရှိပါတယ်။ အဲဒါကြောင့် ရွာသားတွေကတော့ သိပ်မသွားရဲကြပါဘူး။ အခု ဒီစညင်းက ဒေသခံတွေကို လှမ်းပစ်တာကိုတော့ ကျွန်တော့်ဆီကို ရွာသားတွေ သတင်းမပေးသေးပါဘူး။ ရွာထဲကို သွားမယ်ဆိုပြီးတော့ ကျွန်တော့်ကို အသိပေးထားတာတော့ ရှိပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပထမတန်း တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိခဲ့ပါ။ တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း အားလည်း ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

---------------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၁၅ / ၂ဝ၂ဝ








ဆက်စပ် သတင်းများ