စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေမြို့ မေယုဓမ္မစက္ခုပရဟိတကျောင်းမှ စစ်ဘေးရှောင် ၁၃၂ ဦး စားဝတ်နေရေး အခက်ခဲကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 7.3k

ဆောင်းဇာခြည်၊ အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၈/ ၂ဝ၂ဝ

စစ်တွေမြို့ပေါ်ရှိ မေယုဓမ္မစက္ခုပရဟိတကျောင်းမှ စစ်ဘေးရှောင် ၁၃၂ ဦးမှာ စားဝတ်နေရေး အခက်ခဲ ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ရသေ့တောင်မြို့နယ် စဖိုကျွန်း၊ သောင်းဒရား၊ ကျောက်တန်း၊ ရေစိုးချောင်း၊ ရေပုတ်၊ ကုလားချောင်း၊ ပလက်ဝမြို့နယ် အထက်မီးလက်ဝ၊ အလယ်မီးလက်ဝ၊ မြောက်ဦးမြို့နယ် တိမ်ညို၊ ကျောက်တော်မြို့နယ် မော်ရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတို့မှ ဖြစ်ကြောင်း စခန်းတာဝန်ခံ ဆရာတော် ဦးဥက္ကံသက မိန့်သည်။

ဆရာတော် ဦးဥက္ကံသက “လူက တဖြည်းဖြည်းများလာတော့ ဦးဇင်းအတွက် ထောက်ပံ့ရတာလည်း နည်းနည်း အခက်ခဲရှိတယ်။ ပြောရမယ်ဆိုရင် အစိုးရကလည်း တစ်ကြိမ်တောင် ကူညီပေးတာ မရှိသေးဘူး။ သူတို့နေဖို့ အဆောင်၊ အိမ်သာ၊ အမျိုးသမီးရေချိုးဆောင်၊ စားရိက္ခာ၊ သူတို့ဝတ်ဖို့ အဝတ်အစား၊ ဆေးဝါး ဒါတွေကအစ အခက်ခဲရှိတယ်။ ရေကတော့ အဆင်ပြေတယ်ပေါ့နော်။ သူတို့က ခါးဝတ်တစ်ထည် ကိုယ်တစ်လုံးနဲ့ ထွက်ပြေး လာကြတာဆိုတော့ အဝတ်တွေလည်း ပါမလာဘူး” ဟု မိန့်သည်။

အဆိုပါ မေယုဓမ္မစက္ခုပရဟိတကျောင်းမှာ စစ်တွေမြို့ မင်းဂံရပ်ကွက် (၁ဝ) တွင် တည်ရှိပြီး ယင်းကျောင်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကစ၍ စစ်ဘေးရှောင်များ လာရောက်ခိုလှုံကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကျောင်းတွင် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်လာသူများမှာ မိမိတို့ကျေးရွာမှ မေလအတွင်းမှစပြီး ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် သွားရောက်ခိုလှုံကြရာ ယင်းစခန်းများတွင် စားဝတ်နေရေး အဆင်မပြေသောကြောင့် စစ်တွေမြို့ပေါ်သို့ လာရောက်ခိုလှုံကြခြင်းဖြစ်ကြောင်းလည်း ပလက်ဝမြို့နယ် အလယ်မီးလက်ဝကျေးရွာမှ စစ်ဘေးရှောင်လာသူ ဒေါ်အေးသန်းနုက ပြောသည်။

ဒေါ်အေးသန်းနုက “ကျွန်မတို့ ရွာသားတွေက ဟင်းရှာ၊ ထင်းခုတ်ပြီး ရောင်းလို့ရတဲ့ ငွေတွေနဲ့ စားသောက် နေကြရတာ။ စစ်သားတွေပစ်တဲ့ လက်နက်ကြီးကျည်တွေက  ရွာဘက်တွေကိုကျတော့ ဟင်းလည်း ထွက်မရှာရဲဘူး။ ထင်းလည်း သွားမခုတ်ရဲတော့ဘူး။ ဒါကြောင့် ကျွန်မတို့ ပလက်ဝကို ထွက်ပြေးတယ်။ အဲဒီမှာ အဆင်မပြေလို့ ဒီကို ထွက်ပြေးလာတာ ဒီက ဆရာတော်က ကျွန်မတို့ နေဖို့အတွက် စီစဉ်ပေးထားပါတယ်။ ကျွန်မတို့ ငြိမ်းချမ်းရေး အမြန်ဆုံး လိုချင်ပါတယ်။ ဒီလိုမျိုး ဒုက္ခ မခံချင်တော့ဘူး။” ဟု နိရဥ္စရာသို့ ပြောသည်။

ပလက်ဝမြို့နယ် အထက်မီးလက်ဝကျေးရွာမှ ဦးလှဝင်းကလည်း “ကျွန်တော်က ဒီကိုရောက်နေတာ ၅ ရက်လောက် ရှိပါပြီ။ 

 လက်နက်ကြီးတွေ ရွာထဲကို ကျလို့ ထွက်ပြေးလာကြတာပါ။ ဒီမှာ စားဝတ်နေရေးက အဆင်မပြေဘူး။ ကိုယ့်အိမ်လောက်တော့ မကောင်းဘူးပေါ့နော်။ အရမ်းကို အခက်ခဲ ဖြစ်ပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များ နေထိုင်ရန် အဆောင်တန်းလျားများ ဆောက်လုပ်ပေးထား သော်လည်း လက်ရှိ စစ်ဘေးရှောင်များ တဖြည်းဖြည်းတိုးလာခြင်း၊ မိုးရာသီရောက်နေပြီဖြစ်၍ အဆောင်များ ထပ်ပြီး ဆောက်လုပ်ရန် လိုအပ်နေသည့် အတွက် အမိုးအကာများ လိုအပ်နေကြောင်းလည်း ဦးဥက္ကံသက မိန့်သည်။


ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော် ရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး (REC) ရုံးက ဧပြီလ ၃ဝ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။


ဆက်စပ် သတင်းများ