စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ဘေးရှောင်စခန်းရောက် မာလာသစ်ရွာသားများ၏ ရွာ၌ကျန်ခဲ့သည့် ၎င်းတို့ပိုင်ပစ္စည်းများအား သယ်ယူခွင့်ရရှိရန် ပြည်နယ်အစိုးရထံစာပေးပို့တောင်းဆိုသော်လည်း အကြောင်းပြန်ကြားမှု မရရှိသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၅/ ၂ဝ၂၁

စစ်ဘေးရှောင်ဘဝဖြင့် ထွက်ပြေးတိမ်ရှောင်နေကြရသော ကျောက်တော်မြို့နယ်၊ မာလာသစ်ကျေးသားမှ သူတို့နေထိုင်ရာကျေးရွာ၌ ကျန်ရှိခဲ့သည့် ပစ္စည်းများနှင့် ကျွဲနွားဆိတ်စသည့် အိမ်မွေးတိရစ္ဆာန်များကို ရွှေ့ပြောင်းယူဆောင်ရန် ဒီဇင်ဘာလ ၃ဝ ရက်နေ့ကရခိုင်ပြည်နယ်အစိုးရထံ စာပို့တောင်းဆိုထားသော်လည်း ယနေ့ထိ အကြောင်းပြန်ကြားမှု မရှိသေးဟု သိရသည်။

ကျေးရွာသားများကိုယ်စား စာရေးတောင်းဆိုသူ ဦးစောရွှေသိန်းက “ဒုက္ခသည်စခန်းမှာ နေရတော့ ဒုက္ခ အမျိုးမျိုးနဲ့ ကျနော်တို့ စားရေး၊သောက်ရေး အဆင်မပြေဖြစ်လာတဲ့အခါမှာ အိမ်မှာကျန်လိုက်တဲ့ ပစ္စည်း တချို့ကို ယူခွင့်ပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ အခက်အခဲတွေကို တစိတ်တဒေသ ဖြေရှင်း ပေးနိုင်မယ် လို့တော့ ထင်ပါတယ်။  အဲဒါကြောင့် ကျနော်တို့မှာ အိမ်မှာကျန်ခဲ့တဲ့ ဆန်၊ စပါး၊ ကျွဲ၊ နွားတွေကို စောင့်ရှောက်ခွင့်ပြုရင် ကျနော်တို့ ခံစားနေရတဲ့ ပြဿနာတွေကို လျော့ချနိုင်ဖို့လို့တော့ ထင်မိပါတယ်။ အဲဒါကြောင့် ကျနော်တို့က အသနားခံစာ တင်ရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

စစ်ရှောင်စခန်းတွင် စားဝတ်နေရေး၊ ကျန်းမာရေးအခက်အခဲများကြောင့် မိမိတို့၏ ချွေး၊ သွေးတို့ဖြင့် ရိုးသားစွာ လုပ်ကိုင်ထားရှိကြသော ပစ္စည်းများအား သယ်ယူခွင့်ရရှိလိုကြောင်း၊ ၎င်းတို့၏ ကိုယ်ပိုုင်ပစ္စည်းများအား  သယ်ယူခွင့်ရမည်ဆိုလျှင် ယခုဒုက္ခသည်စခန်းတွင် ကြုံတွေနေရသော အခက်အခဲများအား တစ်စိတ်တစ်ဒေသ ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်သောကြောင်း ဦးစောရွှေသိန်းက ပြောသည်။

 မာလာသစ်ရွာသာများ ရခိုင်ပြည်နယ်အစိုးရထံသို့ အသနားခံစာ ပေးပို့သောစာတွင် “တိုက်ပွဲများကြောင့် မာလာကျေးရွာသည် အိုးအိမ်စွန့်ခွာပြီး ၂ဝ၂ဝ ခုနှစ်၊မတ်လ ၁၇ ရက်နေ့တွင် ကျောက်တော် စစ်ဘေးရှောင် စခန်းသို့ ခိုလှုံရန်ရောက်ရှိခဲ့ရပါကြောင်း၊ ဤသို့ အိုးအိမ်စွန့်ခွာထွက်ပြေးလာစဉ် မိမိတို့ ပိုင်ဆိုင်သည့် ဆန်၊ စပါး၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ စက်ပစ္စည်းများနှင့် သယ်ယူရန်မဖြစ်နိုင်သော ပိုင်ဆိုင်မှုများကို ချန်ရစ်ပြီး ထွက်ပြေးလာရပါကြောင်း၊ စစ်ရှောင်စခန်းတွင် အလုပ်လက်မဲ့ဘဝဖြင့် နေထိုင်လာသည်မှာ (၁ဝ) လခန့် ကြာမြင့်လျက်ရှိနေပြီ ဖြစ်သဖြင့် ကာလရှည်ကြာမြင့်လာသောကြောင့် ၎င်းတို့၏  စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုဒုက္ခ အမျိုးမျိုးတို့ကို တွေ့ကြုံခံစားနေရပါကြောင်း ရေးသား ဖော်ပြထားသည်။

စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသည်မှာ စားဝတ်နေရေးအခက်အခဲ ရှိသဖြင့် ရွာသားများပိုင် ကိုယ်ပိုင် ပစ္စည်းများအား သယ်ယူခွင့်ရရှိရန် အစိုးရထံ သနားခံစာ တင်ရခြင်းဖြစ်ကြောင်း မာလာကျေးရွာမှ ရာအိမ်မှူး ဦးသန်းလှိုင်ကပြောသည်။

“ ကျနော်တို့ ထွက်ပြေးလာတဲ့အချိန်မှာ ကျနော်တု့ိမှာ ရွာမှာကျန်ခဲ့တဲ့ ပစ္စည်းတွေကို ဘာတစ်ခုမှ ယူလို့ မရခဲ့ဘူး။ အခု ကျနော်တို့က ကိုယ့်ပစ္စည်းတွေကို လိုချင်တဲ့အတွက်  ကျနော်တို့က အသနား ခံစာတင်ပြီးတော့ တောင်းဆိုရတာဖြစ်ပါတယ်။ ကျနော်တို့ ပစ္စည်းတွေကို ကျနော်တို့ လိုချင်ပါတယ်။ ကျနော်တို့ အခု ကယ်ဆယ်ရေးမှာ နေရတဲ့အချိန်မှာ ကျနော်တို့မှာ စားဝတ်နေရေးကလည်း မဖုံလှုံဘူး။ အဲဒါကြောင့် ကျနော်တို့ ပစ္စည်းတွေကို ပြန်လိုချင်ပါတယ်” ဟုပြာသည်။

မာလာသစ်ကျေးရွာအနီး မျောက်တောင်တောင်တွင် တပ်မတော်သားများ တပ်စွဲနေထိုင်မှုများ ရှိနေသဖြင့် ရွာသားများမှာ မိမိရပ်ရွာသို့  သွားရောက်ရန် စိုးရိမ်ကြောင့်ကြလျက်ရှိကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အား ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်သွယ် မရရှိခဲ့ပါ။

မာလာကျေးရွာတွင် မြိုနှင့် ရခိုင်ရွာနှစ်ရွာတည်ရှိပြီး ရခိုင်လူမျိုးများနေထိုင်သည့် မာလာသစ်တွင် အိမ်ခြေ ၂၂ဝ ကျော်ရှိပြီး လူဦးရေ ၅ဝဝ ကျော်ရှိပြီး ရွာသားများ အားလုံးမှာ ရွာကို စွန့်ခွာထွက်ပြေးလာရကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ