သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ဘေးရှောင် ၇ သောင်းခွဲကျော်အနက် ၄ သောင်းကျော်အတွက်သာ UNHCR က ကူညီပေးနိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂/ ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် ပြည်တွင်းစစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရဆဲ လူဦးရေ ၇ သောင်းခွဲကျော်အနက် လူဦးရေ ၄ သောင်းခွဲကျော်အတွက်သာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးနိုင်သေးကြောင်းကို UNHCR မှ ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များနှင့်ပတ်သက်ပြီး ရေးသားထားသည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြသည်။
ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)သည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁ဝ) မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၃၁ ရက်ထိ ကောက်ခံထားသည့်စာရင်းအရ စစ်ဘေးရှောင်ဦးရေ (၇) သောင်းခွဲကျော်ရှိသည်ဟု UNHCR ၏အစီရင်ခံစာတွင်ဖော်ပြသည်။
ယင်းအထဲမှ လူဦးရေ (၄၈၄၃၄) ဦးခန့်ကို အစားအစာမဟုတ်သည့် အရေးပေါ်ယာယီအမိုးအကာနှင့် အိမ်သုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။
ကိုဗစ်ကပ်ရောဂါကြောင့် ဝေးလံသည့်ကျေးလက်ဒေသများမှ စစ်ဘေးရှောင်များအတွက် အကူအညီပေးနိုင်မှုမှာ ပိုမိုခက်ခဲလျက်ရှိနေသည်ဟုလည်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များအနေဖြင့် UNHCR ၏အကူအညီများကိုရပြီး စားဝတ်နေရေး၊ ကျန်းမာရေး လိုအပ်ချက်အခက်အခဲများ ရှိနေသေးကြောင်း မြောက်ဦးမြို့နယ် စင်ဘောကိုင်းစစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ကိုညီပုက ပြောသည်။
“ UNHCR က နောက်လာမယ့် သုံးပတ်လောက်ဆိုရင် ပစ္စည်းတွေလာပေးမယ်လို့ပြောတယ်။ အမျိုးအစားတွေကတော့ အတိကျမသိသေးဘူး။ အခုဆောင်တွင်းကာလလည်း ရောက်နေပြီဆိုတော့ စစ်ရှောင်စခန်းမှာ ကလေးတွေ၊ လူကြီးတွေအတွက် အနွေးထည်တွေလိုလာပါပြီ။ စောင်တွေလည်း လိုအပ်ပါတယ်။ အဲဒါအပြင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စစ်ရှောင်စခန်းမှာ ညအချိန်ရောက်ရင် မီးလင်းအောင်လုပ်ပေးဖို့ကိုလည်း တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့် ၂ဝ၁၈ နှစ်ကုန်ပိုင်းမှ ၂ဝ၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံစားခဲ့ရပြီး အပြစ်မဲ့ပြည်သူ (၂) သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလမှစတင်ကာ တိုက်ပွဲရပ်စဲသွား၍ ဒေသတည်ငြိမ်လာသည့်အတွက် နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များရှိခဲ့ကြသော်လည်း ၎င်း နေရပ်ပြန်သူများမှာ မိမိတို့ရပ်ရွာ၌ ဘဝရပ်တည်ရေး လိုအပ်ချက်များရှိနေကြောင်း သိရသည်။
ရသေ့တောင်မှ စစ်ဘေးရှောင်များအရေး ဆောင်ရွက်နေသူ ကိုဘက္ကာက “နေရပ်ပြန်သွားတယ်ဆိုတာကလည်း ယာယီသဘောပါပဲ။ အိမ်ကို သွားကြည့်တယ်။ ပြီးရင် စစ်ဘေးရှောင်စခန်းပြန်လာတယ်။ မြို့ပေါ်လူထုထဲမှာတောင် စားဝတ်နေရေး အခက်အခဲတွေရှိနေတာဆိုတော့ သူတို့လို နေရပ်စွန့်ခွာပြီး ရွာကိုပြန်သွားတဲ့သူတွေမှာ အခက်အခဲဘယ်လောက်ရှိမလဲဆိုတာ မပြောပြတတ်လောက်အောင်ပါပဲ” ဟု ဆိုသည်။
UNHCR က ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များကိုအကူအညီပေးရာတွင် စစ်ဒဏ်ခံခဲ့ရသော ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ အမ်း၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ကျောက်တော်နှင့် မြောက်ဦး စသည့်မြို့နယ်များမှ စစ်ရှောင်များထံ လူသုံးကုန်ပစ္စည်း (၁၉) မျိုးကို ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။
ဆက်လက်ပြီး စစ်ကြောင့် နေရပ်စွန့်ခွာသူများ ဘေးဘယဝေးကွာပြီး လုံးခြုံမှုရှိစွာနှင့် ဂုဏ်သိက္ခာရှိရှိနေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်များတွင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဟု လည်း UNHCR ဆိုထားသည်။
ဓာတ်ပုံ - ကျောက်တော်မြို့ မဟာကံကြီးသျှင်စစ်ဘေးရှောင်စခန်းအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ