သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တပ်က ခေါ်ဆောင်သွားသည့် ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်မှရွာသားများပြန်လွှတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 8.4k

သိန်းဇော်နှင့်ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိူင် ၂၆/၂ဝ၁၉

စစ်တပ်က ခေါ်ဆောင်ခံရသည့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်၊ နေဗီဆိပ်၊ သာယာကုန်းတို့မှ ရွာသား ၅ ဦးနှင့် မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာသား ၁ဝ ဦးတို့ ပြန်လွှတ်ပေးလိုက်ပြီဟု ကျေးရွာသားများက သတင်းပေးပို့သည်။

ဇူလိူင် ၂၅ ရက် နေ့လယ် ၁၂ နာရီခန့်က ရသေ့တောင်မြို့နယ်၊ မယူကမ်း ချွတ်ပြင်ကျေးရွာနှင့် ပိတောက်မြို့ (နတလ) ကျေးရွာအကြားတွင် မိုင်း ၂လုံးပေါက်ကွဲခဲ့ပြီးနောက် အနီးအနားတွင် လယ်ထွန်နေကြသည့် စေတီပြင်ကျေးရွာမှ ဦးမောင်ဘအေးသား မောင်ဆွေနွယ်၊ ရဲလင်းနိုင်၊ ၎င်း၏ ခယ်မဖြစ်သူ၏ သား ဝင်းဝင်းထွန်း၊ နေဗီဆိပ်ကျေးရွာမှ မောင်သန်းလှိုင်နှင့် သာယာကုန်း ကျေးရွာသို့ ကျွဲကျောင်းနေသည့် လူငယ်တစ်ဦးတို့ကို စစ်တပ်က ခေါ်ဆောင်သွားခဲ့သည်။

ပြန်လွတ်လာသူ ရဲလင်းနိုင်က “ ကျနော်တို့ကို သူတို့ မနေ့က ၂နာရီဝန်းကျင်လောက်က ချွတ်ပြင်ကျေးရွာဘက်ကို ခေါ်သွားပါတယ်။ လမ်းမသိလို့ သူတို့က ချွတ်ပြင်ကိုလိုက်ပို့ပေးဆိုလို့ ကျနော်တို့လိုက်ပို့တာ။ ကိစ္စတွေပြီးမှ ကျနော်တို့က ပြန်မယ်ပြောတော့ ခေါ်လာတာသူတို့မှာလည်း တာဝန်ရှိတယ်။ စေတီပြင် စခန်းထိလိုက်တော့လို့ ပြောပါတယ်။ အဲ့ဒီလိုပြောတော့ ကျနော်တို့လည်း စေတီပြင်ရဲစခန်းကို လိုက်သွားတယ်။ အဲ့ကိုရောက်တော့ သူတို့က ဘာမှမဖြစ်ဘူး၊ ဘာနှိပ်စက်မှုတွေ မရှိဘူးဆိုတာကို ရပ်မိ ရပ်ဖ၊ ကျေးရွာလူကြီးတွေရှေ့မှာ ကျနော်တို့ကို ပြန်အပ်တဲ့အချိန် ခံဝန်လက် ထိုးခဲ့ရတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာနှင့် ထမ္မရာဇ်ရပ်ကွက်တို့ အကြားတွင် ယနေ့ မိုင်းပေါက်ကွဲပြီးနောက် ခေါ်ယူခံရသူ ပေါက်တောပြင်ကျေးရွာမှ လူ ၁ဝ ဦးကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု ပေါက်တောပြင် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

စစ်တပ်ကခေါ်ဆောင်ခြင်းခံရသူများမှာ ပေါက်တောပြင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းအပါအဝင် ဦးအောင်ကျော်ဖြူ၊ ဦးအောင်သန်းစိန်၊ ဦးငလုံးတင်၊ ဦးလှစံအောင်၊ ဦးမောင်နု၊ ဦးမောင်သာစံ၊ ဦးညွှန့်တင်၊ ဦးလုံးထွန်းသာနှင့် ဦးကြွင်းကျန်အောင်တို့ ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီခန့်တွင် မြောက်ဦးမြို့ပေါ်မှ တပ်မတော်စစ်ကြောင်းတစ်ခု အုတ်ဖိုကန် ကျေးရွာနှင့် မြောက်ဦးမြို့ရှိ ထမ္မရာဇ်ရပ်ကွက် အကြားသို့ အရောက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အုတ်ဖိုကန်ကျေးရွာနှင့် ရွာတစ်ဖက်ရှိတောင်တန်းများကို သေနတ်များဖြင့် လှမ်းပစ်ခဲ့ကြောင်း ပေါက်တောပြင်ကျေးရွာမှ ဒေါ်ဦးမြတ်နွယ်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းနောက်ပိုင်းတွင် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင် ကားများသွားလာမှု ယာယီရပ်တန့်သွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ပေါက်တောပြင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ဝင်းက “ အခုကျွန်တော်တို့ကို ပြန်လွှတ်လိုက်ပါတယ်။ အနီးအနားက ရွာတစ်ရွာကို လိုက်ပို့ခိုင်းပြီး ပြန်လွှတ်လိုက်တာပါ။ ဘာမှ ညှဉ်းပမ်းနှိပ်စက်တာတွေ မရှိပါ။ အခုရွာကို ပြန်နေကြပါပြီ။ လမ်းပြဖို့ သက်သက် ခေါ်သွားတာပါ” ဟု ပြောကြားသည်။

အုတ်ဖိုကန်အနီး မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ သူက “အဲဒါကတော့ မဟုတ်ပါဘူး။ အုတ်ဖိုကန်နားမှာကတော့ ကျွန်တော်က မကြားမိပါဘူး ”ဟု ပြောသည်။

ဆက်စပ် သတင်းများ