သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စကခ၉၊ အမှတ်၃၇၆ တပ်ရင်း၊ ရေတပ်သင်္ဘောနှင့်လင်းမြွေတောင်စခန်းတို့ကို AAကတိုက်ခိုက်မှု နှစ်ဘက်တပ်တာဝန်ရှိသူများအတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 6.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၂၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းမှ တပ်ရင်းတပ်ဖွဲ့များနှင့် ရေတပ်သင်္ဘော တစ်စီးတို့ကို ရက္ခိုင့်တပ်တော် (AA) မှ သြဂုတ် ၂၇ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် တိုက်ခိုက် ခဲ့သည့်အပေါ် နှစ်ဖက်တပ်တာဝန်ရှိသူများမှ အတည်ပြု ပြောကြားသည်။

တိုက်ခဲ့ရာတွင် သြဂုတ် ၂၇ ရက် ညဉ့်အချိန်က ကျောက်တော်အခြေစိုက် စကခ (၉) တပ်မဌာနချုပ်၊ ဒေါင်းတောင်ယိုးအခြေစိုက် အမှတ် ၃၇၆ တပ်ရင်း၊ ကျောက်တော်အနီးကုလားမြစ်အတွင်း ရေတပ် သင်္ဘော တစ်စီးတို့အား AA မှ ၁ဝ၇မီလီမီတာ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ပြီး သြဂုတ် ၂၈ ရက်နေ့ နံနက် ၄ နာရီ အချိန်မှ နံနက် ၁ဝ နာရီ အချိန်ထိ တွင် လင်းမြွေတောင် မကျည်းကုန်း အမြောက်စခန်းအား တိုက်ခိုက်ခဲ့သည်ဟု AA ပြောခွင့်ရသူ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောကြားသည်။

“ ဒီသြဂုတ်လ ၂၈ ရက်နေ့ မနက် ၄နာရီခွဲကစပြီး အဲ့ဒီမြောက်ဦးမြို့နယ် လင်းမြွေတောင်မှာ တိုက်ပွဲဖြစ်တာတွေရှိတယ်။ တိုက်ပွဲအပြင်းအထန် ဖြစ်တာရှိတယ်။ မနက် ၉နာရီလောက်အထိ အဲ့ဒီမှာ ပစ်ခတ်မှုတွေ ရှိခဲ့တယ်ဗျ။ ဒီဗမာစစ်တပ်ဘက်ကတော့ အကျအဆုံးတွေတော့ရှိတယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက်လဲဆိုတဲ့ဥစ္စာတော့ လောလောဆယ် အတည်ပြုလို့မရသေးဘူး။ ဆိုတော့နောက်ဒီ တခြားနေရာ သုံးခု လောက်မှာလည်း ပစ်ခတ်မှုတွေဖြစ်တာ ရှိတယ်ဗျ။ ကျနော်တို့သြဂုတ် ၂၇ ရက် ညမှာ ဒီ စကခ ၉ ရဲ့ဌာနချုပ်ပေါ့ နော်။ ကျနော်တို့ ရက္ခိုင့်တပ်တော်ဘက်ကနေ ၁ဝ၇ မီလီမီတာတွေနဲ့ပစ်တာရှိတယ်။ ဗမာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးတွေရှိနိုင်တယ်။ နောက်ပြီးတော့ ဒီဒေါင်းတောင်ယိုး စစ်တပ်ကိုလည်းပဲ ကျနော်တို့ဘက်က ၁ဝ၇ မီလီမီတာနဲ့ လှမ်းပစ်တာရှိတယ်။ ဒီကုလားတန်မြစ်ကမ်းမှာ သွားနေတဲ့ ဗမာစစ်သင်္ဘောတစ်စီး ကိုလည်းပဲ ကျနော်တို့ဘက်က ပစ်ခတ်တိုက်ခိုက်တာရှိတယ်ဗျ။ အဲ့ဒီမှာလည်း စစ်သင်္ဘောကို ထိမှန်တာရှိတယ်။ ဆိုတော့ အကုန်လုံးဆိုရင် ၄နေရာပေါ့နော်။ မနေ့ကညကပစ်တာ သုံးနေရာရယ် ဒီမိုးလင်းအာရုံမှာဖြစ်တာ လင်းမြွေတောင်ရယ်၊ လေးနေရာလောက်ပစ်ခတ်မှု ရှိတယ်။ အခုလည်းဘဲ နောက်ထပ်ဗမာစစ်တပ်ဘက်က နေပြီတော့ သူတို့ စစ်ကူတွေအများကြီး ထပ် ပို့နေတာရှိတယ်။ ဆိုတော့ တိုက်ပွဲ တွေကတော့ ထပ်ပြီးတော့ ဒါဖြစ်လာနိုင်ဖို့ အနေအထားအများကြီး ရှိတယ်။ လောလောဆယ်မှာတော့ ဒီမနက်ကစပြီး တော့ ဒီကျောက်တော် မြို့နယ် မဟာမုနိဘုရားကြီးနားက နေပြီးတော့ ဒီဟိုဥစ္စာပေါ့ မြောက်ဦးမြို့နယ် လင်းမြွေတောင်နားအထိ ဒီအဝေးပြေး လမ်းမကိုတော့ ကျနော်တို့ဒီ ရက္ခိုင့်တပ်တော်ဘက်က ယာယီနေပြီးတော့ ဒီ ခရီးသွားတွေ မသွားလာကြဖို့ ကျနော်တို့ဒီ တားဆီးထားတာတော့ ဟိုလောလောဆယ် ပိတ်ထားတာတော့ ရှိခဲ့တယ်။ အဲ့ဒါကတော့ ခရီးသွားပြည်သူတွေ ကတိုက်ပွဲကြားထဲမှာ အထိအခိုက် တစ်စုံတစ်ရာ မရှိရအောင်လ်ို့ ကျနော်တို့ဒါ ယာယီ ပိတ်ထားတာ ဖြစ်တယ်ဗျ” ဟု AA ပြောခွင့်ရသူ ခိုင်သုခက ပြောဆိုသည်။ 

လင်းမြွေတောင်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ အဲဒီနေ့နော်။ အဲ့ဒီမှာ ကျနော်တို့ လင်းမြွေတောင်ပေါ်မှာ လင်းမြွေတောင် ဝန်းကျင်တစ်ဝိုင်မှာ ကျနော်တို့ ပြည်ထောင်စုလမ်းမကြီး လို့ခေါ်တဲ့ မြောက်ဦးနဲ့ ကျောက်တော် ပြည်ထောင်စုလမ်းမကြီးရှိတယ်။ အဲ့ဒီ ပြည်ထောင်စု လမ်းမကြီးပေါ်က တံတားတွေကို အေအေက ခွဲမယ်ပြုမယ် ဆိုပြီးတော့ ဘာညာအသံတွေထွက်နေတဲ့ အတွက်ကြောင့် မို့လို့ ကျနော်တို့က အများပြည်သူ ဟုတ်လား။ ကုန်စည်စီးဆင်းမှုဟုတ်လား။ မြန်မြန်ဆန်ဆန်ဖြစ်အောင် ကုန်စျေးနူးန်းတွေလည်း မတက်အောင် တံတားတွေ ဘာတွေထိုးတယ်။ ကုန်စျေးနူန်းတွေတက်ရင် ဒေသခံ ပြည်သူလူထုတွေကို ဝန်ထုတ်ဝန်ပိုးဖြစ်မှာစိုးလို့ အဲ့ဒီတံတားတွေ လုံခြုံရေးအတွက် ထားထားတာ အဲ့ဒီတပ်ကို လင်းမြွေတောင်အနီးမှာ။ ကျနော်တို့ က အများပြည်သူသွားတဲ့ လမ်းကို ဟုတ်လား။ သေသေ ချာချာလေး တံတားတွေပျက်မှာစိုးလို့ ကျနော်တို့က လုံခြုံရေး လုပ်နေတာ။ အဲ့ဒီလုံခြုံရေး လင်းမြွေတောင်နားမှာလုပ်တဲ့ တပ်ကို လုံခြုံရေး တပ်ဖွဲ့ကို မနေ့ညက ဒီနေ့မနက် ၄နာရီလောက်မှာ ဒီကောင်တွေ အင်အား အများကြီးနဲ့ လာပြီးချတာနော်။ ကျနော်တို့က သတင်းဘာညာ ရထားတဲ့ အတွက်ကြောင့်မို့လို့ တပ်ကိုသေချာ စနစ်တကျနဲ့ နေတာ။ ချတဲ့အခါမှာ ဒီကောင်တွေ တော်တော်များများ ခံပြီးတော့မှ ဒီဘက်ကို ဆုတ်ပြေး သွားတယ်။ ကန်စောက်တို့ ဟုတ်လား၊ ထိပ်ဝပြင်ဘက်သို့ ဆုတ်ပြေးသွားတယ်”  ဟု ပြောဆိုသည်။

စကခ ၉၊ ဒေါင်းတောင်ယိုးစခန်းနှင့် ရေတပ်သင်္ဘောတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “  သူတို့ ဝမ်းအိုဆဲဗင်းနဲ့ ပစ်တယ်။ ပစ်တယ်လေ ဘာမှထိခိုက်မှုမှ မရှိတာ။ နည်းနည်းပါးပါးဘဲ ထိခိုက်တာနော်။ သူတို့ ဝမ်းအိုဆဲဗင်း နဲ့ဟုတ်လား၊ ပစ်တာ ပြောမယ်။ အဲ့ဒီရေတပ်က ကမ်းထိုးယာဉ်ကြီး ကုလားတန်မြစ်အတွင်းမှာ မိုးတွင်းကာလမှာ သဘာဝ ဘေအန္တာရာယ်ဖြစ်လို့ရှိရင် အချိန်နဲ့ တပြေးညီကာကွယ်ကူညီစောင့်ရှောက်ပေးနိုင်အောင်၊ ဟုတ်လား လှေတွေဘာတွေ မှောက်တယ်ဆိုလို့ရှိရင် ကျနော်တို့ ကမ်းထိုးယာဉ်နဲ့ ဟုတ်လား၊ ချက်ချင်း ဖြစ်စဉ်ဖြစ်တဲ့ နေရာကို ရောက်အောင် ဆိုပြီတော့မှ ကမ်းထိုးရင်းနဲ့ ကျနော်တို့ က စေတနာ ထားပြီးတော့မှ ကုလားတန်မြစ် အတွင်းကို သွားပေးနေတာ။ အဲ့လိုသွားပေးနေတဲ့ ကမ်းထိုးယာဉ်ကို မနေ့ညက ဟုတ်လား ၁ဝ နာရီလောက်မှာ ကစ္ဆပနဒီတံတားဖြတ်တဲ့ အချိန်မှာ တံတားပေါ်ကနေ ပြီးတော့မှ လက်လုပ်မိုင်းနဲ့ပစ်ချတယ်။ ပြီးတဲ့ အခါမှာ အဲ့ကစ္ဆပနဒီ တံတားရဲ့အထွက်မှာ ကျနော်တို့ ဝက်မိူင်းရွာတို့ ရွှေပြည်ရွာတို့ ဆိုတာရှိတယ်။ အဲ့ဒီရွာနားကလည်း လက်နက် ငယ်နဲ့ လှမ်းပစ်တယ်။ လက်နက်ငယ်နဲ့ မီတာ သုံးရာ လေးရာ အကွာလောက် ရှိတယ်။ အဲ့ဒီနေရာက လှမ်းပစ်တယ်။ ပစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ ရေတပ်က နေပြီတော့မှ သင့်တော်တဲ့ တုန့်ပြန်မှု ပြန်ပစ်ရတာရှိတယ်နော်။ ကိုယ့်ကို ပစ်လို့ကတော့ ပြန်ပစ်မှာဘဲ။ ရွာထဲကနေပစ်လို့ရှိရင် ရွာထဲကပြန်ပစ်မှာ ။ ဘုန်းကြီးကျောင်း နားကပစ်ရင် ဘုန်းကြီးကျောင်းနားကို ပြန်ပစ်မှာ။ မပစ်ရင် ခင်ဗျာ ကျနော်တို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေကုန်မှာပေါ့။ ပစ်ခတ်မှုအောက်မှာခင်ဗျာကလဲ လည်စင်း ခံရမှာပေါ့။ အဲ့လိုပြန်ပစ်တဲ့ အတွင်းမှာ ခင်ဗျားတို့ကလည်း ခဏ ခဏပြန်မေးတယ် တပ်မတော်ကပစ်လို့ရွာသားတွေမှန်တယ်ဆို အဲ့လို မဖြစ်စေချင်ရင် အဲ့ဒီ AA တွေကိုရွာထဲမှာ လက်မခံနဲ့” ဟု ပြောဆိုသည်။

သြဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့ တိုက်ပွဲဖြစ်စဉ်များအတွင်း မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှ ဒေါ်တင်တင်ဌေး (၃၅) နှင့် ကျောက်တော်မြို့နယ် ရွှေလိူင်ကျေးရွာမှ ဒေါ်အေးနွယ်(၄၂) နှစ်နှင့် ခေါင်းတုတ်ကျေးရွာမှ မဟူရူးဇာနော် (၁၃) နှစ်တို့ ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ် သတင်းများ