သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဥယျာဉ်သာကျေးရွာမှ နေအိမ်များမီးရှို့ခံရမှု မိုင်းနှစ်လုံးပေါက်ကွဲပြီးနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.6k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာကျေးရွာက နေအိမ် များ ယမန်နေ့က မီးရှို့ခံရခြင်းမှာ တပ်မတော် စစ်ကြောင်းတစ်ခု မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အခင်း ဖြစ်ပွားရာ နေရာ အနီးအနားရှိ ကျေးရွာ တစ်ခုမှ အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။ 

“မနေ့က ဥယျာဉ်သာအနီးမှာ တာဝါတိုင်ရှိတယ်။ အဲဒီ တာဝါတိုင်အနီးမှာ မနေ့ နေ့လယ်က မိုင်းနှစ်လုံးပေါက်တယ်လို့ သိရတယ်။ ဒါအငြိုးနဲ့ တပ်မတော် စစ်ကြောင်းကနေ မီးရှို့တာလို့ သိရပါတယ်။ ဘယ်နှစ်အိမ် မီးထဲပါသွားတယ်ဆိုတာကိုတော့ ဘယ်သူမှလည်း ရွာအနီးကို မသွားရဲတဲ့ အတွက် အတိအကျ မပြောနိုင်ဘူး။ မီးလောင်တာကို ရွာထဲက မီးခိုးလုံးတွေ တက်လာတဲ့ အတွက် သိရတာ ဖြစ်ပါတယ်” ဟု ၎င်း အုပ်ချုပ်ရေးမှူးက ပြောသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦမောင်ကျော်ဇံက “ ကျွန်တော်ဆီကို မီးလောင်တာကို ရွာသားတွေက သတင်းပို့တယ်။ မီးလောင်တယ်။ စစ်တပ်က မီးရှို့တယ်လို့ ပြောကြပါတယ်။ သူတို့လည်း အဝေးက ကြည့်ပြီး ပြောကြတဲ့ အတွက် အသေးစိတ် အချက်အလက်တွေတော့ မရနိုင်သေးဘူး” ဟု ပြောကြားသည်။

ဥယျာဉ်သား ကျေးရွာသူ အမျိုးသမီးတစ်ဦးက “ အခုကျမတို့က ကြာညိုပြင်ကျေးရွာကို ရောက်နေတာပါ။ ကျမတို့ဒီကြာညိုပြင်ကနေ အိမ်မီးလောင်နေတာ မမြင်ရဘူး။ မီးရောင် တောက်နေတဲ့ မီးခိုးတွေ ထွက်နေတာ မြင်တွေ့နေရတယ်။ လူတွေပြောတာက  စစ်တပ်က မီးတိုက်နေတာ ပြောကြပါတယ်။ အယင်တုန်းကလည်း လက်နက်ကြီး ကျလို့ အိမ်တစ်ဆောင် မီးလောင် သွားတယ်” ဟုပြောသည်။

ယမန်နေ့ ညနေ ၃နာရီခွဲခန့်က ဥယျာဉ်သာကျေးရွာအတွင်း နေအိမ်များ မီးရှို့ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ မီးရှို့ခံရသည့် ဥယျာဉ်သာကျေးရွာတွင် ရွာသာများ ရွာကို စွန့်ခွာသွားကြ၍ လူတစ်ဦးတစ်ယောက်မှ မရှိတော့ကြောင်း၊ ၎င်းဥယျာဉ်သာရွာမှာ လက်နက်ကြီးများကျ၍ ရွာတစ်ခုလုံးပျက်စီးနေကြောင်း သူမက ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ယမန်နေ့ ညနေ ၆ နာရီ ၃၄ မိနစ်ခန့်က အဆက်အသွယ် ရရှိခဲ့သဖြင့် ရွာမီးရှို့့မှုနှင့် ပတ်သက်ပြီး မေးမြန်းရာ ၄င်းက ဥယျာဉ်သာကျေးရွာ တစ်ရွာလုံးမှာ AA အမာခံများဖြစ်ပြီး တိုက်ပွဲဖြစ်ရာမှ မီးလောင်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ကျနော်တို့ တပ်တွေ အဲ့ဒီဥယျာဉ်သာနားမှာ တိုက်ပွဲဖြစ်နေတာ ၃ ရက်ရှိပြီ၊ ဒီနေ့နဲ့ဆိုရင်။ အဲ့ဒီဥယျာဉ်သာရွာက ပျက်ပြီးတော့မှ ရွာသားတွေက စေတီတောင်မှာ တိုက်ပွဲရှောင်နေရာမှာ သွားနေတာ ကြာနေပြီ။ အဲ့ဒီရွာထဲမှာ AA ကနေပြီးတော့မှ ကျနော်တို့တပ်တွေကို ပစ်တာ ကျနော်တို့တပ်တွေ ၂ ရက်လုံးလုံး အပစ်ခံလိုက်ရတယ်။ ဒီကောင်တွေ အပေါ်မှာရှိတဲ့ ဥယျာဉ်သာရွာထဲကနေပစ်တယ်။ ပြီးရင် ဥယျာဉ်သာရွာမှာ နေပြီးတော့မှ ဥယျာဉ်သာရွာမှာ ဘုန်းကြီးကျောင်း ရှိတယ်။ စာသင်ကျောင်း ရှိတယ်။ အဲ့ဒီအုတ်တံတိုင်းတွေကနေ ကျနော်တို့ တပ်တွေကို ပစ်တယ်။ ပြီးရင် ရွာထဲကနေပြီတော့ မြောက်ဘက်မှာရှိတဲ့ အောင်သာချောင်းဘဲခြားတယ်။ ဒီဘက်မှာ မြောက်ဘက်မှာ ဆင်သီရွာ ဆိုတာရှိတယ်။ မူဆလင်ကုလားရွာ ။ အဲ့ဒီရွာထဲကနေပြီးတော့ မနေရအောင် မောင်းထုတ်တယ် ကုလားတွေကိုနော်။ သူတို့တွေက မနေရဲလို့ ဆိုပြီးတော့ ထိပ်ထူးပေါက်မှာ သွားနေရတယ်။ အဲ့ဒီမှာ ကျနော်တို့ ၂ရက်လုံးလုံးတိုက်ရတယ်။ ၂လုံးလုံးတိုက်ပြီးမှ ကျနော်တို့ ဥယျာဉ်သာရွာကို ရတယ်။ AA အလောင်း ငါးလောင်း ရတယ်။ AAတွေနေတဲ့ ဥယျာဉ်သာရွာထဲကို ကျနော်တို့ ဒီနေ့မှ စီးမိတာ အဲ့ဒါကြောင်းမို့လို့ ကျနော်တို့တပ်တွေက ဥယျာဉ်သာရွာထဲကို ဒီနေ့မှ ရောက်တာ” ဟု ပြောကြားသည်။

ရက္ခိုင့်တပ်တော် AA မှ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခအား ဆက်သွယ် မေးမြန်းခဲ့ရာ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ ဗမာ စစ်တပ် ဘက်မှသာ တစ်ဘက်သတ် လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ရွာထဲသို့ ဝင်ပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ဒီနေ့ ဒါဥယျာဉ်သာရွာဖြစ်စဉ်က ဒါဗမာစစ်တပ်ဘက်ကနေပြီးတော့ တဘက်သတ်ပစ်ပြီးတော့မှ အဲ့လိုမျိုးဒီလုပ်တာဗျ။ တစ်ဘက်သတ် ပစ်တယ်ဆိုတာ မနေ့က မနက် အစောကြီးလောက်ကစပြီး တော့ ဗမာ စစ်တပ်ကနေပြီးတော့ ပစ်တာပေါ့နော်။ ဒီ ခမရ ၅၅၁ အဲဒီ ဒုံးသိမ်ဘက်ကနေပြီးတော့ မှ လက်နက်ကြီး တွေနဲ့ လှမ်းပြီးတော့ ပစ်နေတာရှိတယ်။ ၁၂၂ မမတွေနဲ့ပေါ့။ နောက်နေ့လယ်ပိုင်းမှာလည်းပဲ သူတို့ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ပြီးတော့မှ ဟိုနောက်ပိုင်း မှာတော့  ခြေလျှင်တပ်ဖွဲ့တွေနဲ့ အဲ့ဒီရွာကိုပစ်ပြီးတော့ ဝင်တာ။ ပစ်ပြီးတော့ ဝင်ပြီးတော့မှ အဲ့ဒီရွာကိုမီးရှို့တာဗျ။ ဆိုတော့ အဓိက ကတော့  သူတို့က ရခိုင်ရွာတွေကို မြေလှန်ဖျက်ဆီးတာ။ ဒါနေပြီးတော့ ဒါ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်တင် ကျူးလွန်တာ ဖြစ်တယ်။ ဆိုတော့ အဲ့ဒီနေရာမှာ ဒီနေ့တော့ဟို ကျနော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာမရှိဘူး။ ဥယျာဉ်သာရွာက ဗမာစစ်တပ်ဘက်က နေပြီတော့ ဟိုဥစ္စာပေါ့နော်။ ကျွန်တော်တို့ဘက်က ကျတာမရှိဘူး။ AA အလောင်း ၅လောင်း ရတယ်လို့ ပြောတဲ့ ဥစ္စာက ဒါသူတို့ဒီ သူတို့လမ်းက ဖမ်းခေါ်လာတဲ့ ပြည်သူတွေကိုနော် အဲ့လိုမျိုးသတ်ဖြတ်ပြီးတော့မှ AA အလာင်းတွေ ပါဆိုပြီးတော့ ပြတာတွေလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် အရင်တုန်းကလည်းဘဲ အဲ့လိုမျိုး ဟိုသူတို့ လမ်းပြ ခေါ်လာတဲ့ လူတွေ၊ နောက်ပြီးတော့ဒီစစ်ကြောင်းနဲ့ လမ်းမှာ တွေ့ပြီးတော့ တောထဲက ဖမ်းလာတဲ့ လူတွေကို အဲ့လို သတ်ဖြတ်ပြီးတော့ ယူနီဖောင်းတွေ ဝတ်ပြီးတော့ ဒါ AA အလောင်းရတယ် ဆိုပြီးတော့ ပြခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်ဗျ။  ဗမာစစ်တပ်ဘက်က သူတို့တစ်ဘက်သတ် ပစ်ခတ်ပြီးတော့ အဲ့လိုမျိုးဒါ လူမျိုးရေးအရ အငြိုးအတည်းတွေအပေါ်မှာ အခြေခံပြီးတော့မှ ဒါမြေလှန်တိုက်ခိုက်တယ်လို့ဘဲ ကျနော်တို့က မြင်တယ်” ဟု ပြောဆိုသည်။

ဆင်သေပြင်ကျေးရွာမှ ထိပ်ထူးပေါက်ကျေးရွာသို့ စစ်ဘေးရှောင် ရောက်ရှိနေသည့် မူဆလင် တစ်ဦးကလည်း ၄င်းတို့ကျေးရွာဘက်မှလည်း မီးခို်းများထွက်နေသည်ကို မြင်တွေ့နေရကြောင်း၊ ဥယျာဉ်သာကျေးရွာနှင့် ဆင်သေပြင်ကျေးရွာမှာ ရွာချင်းကပ်နေသည့် အတွက် ရွာမီးလောင်နေသည်ကို အသေအချာအတိအကျ မြင်ရ ကြောင်း ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ နေ့ကလည်း ဆင်သေပြင်ကျေးရွာအနီး မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဆင်သေပြင်ကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲကာ လူနေအိမ် ၃လုံးမီးလောင်ခဲ့ပြီး လူနှစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။


ဆက်စပ် သတင်းများ