သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အပစ်အခတ်တစ်လရပ်ဆိုင်းခြင်းမှာ ယုံကြည်မှု ပိုရအောင်အတွက်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၉/၂ဝ၁၉

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကို တစ်လ အပစ်ရပ်ဆိုင်းရခြင်းမှာ ယုံကြည်မှု ပိုရအောင်အတွက် ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခက ပြောသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့စွဲဖြင့်  ညီနောင်သုံးဖွဲ့ ဖြစ်ကြသည့်  ကိုးကန့်အဖွဲ့ဟု လူသိများသော မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာ့ အမျိုးသား ဒီမို ကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/ AA)တို့မှ တစ်လ စစ်ရပ်စဲရေးအတွက် ကြေညာချက် ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်ပြီး မေးမြန်းစဉ်  AA၏ ပြောခွင့်ရသူ ခိုင်သုခမှ ထိုသို့ ပြေကြားသွားခြင်း ဖြစ်သည်။

“ ကျနော်တို့ ယခု ဒီတွေ့ဆုံ ဆွေးနွေးနေတဲ့ ကာလအတွင်းမှာ တဘက်နဲ့ တဘက် ယုံကြည်မှုတွေပိုပြီးတော့ ရရှိလာဖို့အတွက် ဆိုလို့ရှိရင် ကျနော်တို့ဒါ အပစ်အခတ်ရပ်စဲထားဖို့ လိုအပ်တယ် ယူဆတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က အဲလိုသဘောမျိုးနဲ့ အပစ်အခတ်ရပ်စဲထားတာဖြစ်တယ်” ဟု ခိုင်သုခက ပြောသည်။

သို့သော်  ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲသည့် သဘော မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ ဒါပေမဲ့လို့ အဲ့ဒီမှာ ကျနော်တို့ ဒီခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲတဲ့ သဘောမျိုးတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ ဒီ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုတော့ ဆက်လက်ပြီးတော့ ဒါကိုင်စွဲသွားမယ်” ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေး ဆိုခွင့် ရှိသူ ခိုင်သုခက နိရဥ္စရာကို ပြောသည်။

မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သော ကိုးကန့် (MNTJP/MNDAA)၊ တအာင်း(PSLF/TNLA)နှင့် ရခိုင်(ULA/ AA)တို့သည် ပြည်တွင်းစစ်ပွဲရပ်တန့်ပြီး၊  တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းရေးလုပ်ငန်းများ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် အတွက် ၂ဝ၁၉ခုနှစ် စက်တင်ဘာလ(၉) ရက်မှ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းကြောင်း ကြေညာထားသည်။

ဤကဲ့သို့ ကြေညာထားသည့် ကာလအတွင်း၌ မြန်မာ စစ်တပ်အား မိမိတို့မှ လက်ဦးမှုယူ၍ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို မပြုလုပ်သော်လည်း မြန်မာစစ်တပ်မှ မိမိတို့အား စတင်တိုက်ခိုက်ခြင်း ၊ မိမိတို့ဒေသတွင် စစ်ဆင်ရေးနှင့် စစ်ရေးလူပ်ရှားမှုများ လာရောက်ပြုလုပ်ခြင်း၊ လက်နက် ကြီး အမြောက်အမြားဖြင့် စုပြုံပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်လေယာဉ် ရဟတ်ယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း များကို ပြုလုပ်လာမည်ဆိုပါ မိမိကိုယ်ကိုမိမိ ခုခံ ကာကွယ်သော အနေအထားမျိုးဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မဆိုတုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွက် ဖော်ပြထားသည်။

“ ကျနော်တို့ဘက်ကနေပြီးတော့ လက်ဦးမှုယူပြီးတော့ ထိုးစစ် လုပ်မှာ မဟုတ်ဘူးဆိုတဲ့ ဥစ္စာကိုဒါ အဓိကထားလို့ ကျနော်တို့ ပြောထားတာဖြစ်တယ်။ ကျနော်တို့ကတော့ သွားပြီးတော့ ထိုးစစ် မလုပ်ဘူး။ ကျနော်တို့ဘက်က ထိုးစစ်တွေကို ရပ်ထားမယ်။ အပစ်အခတ်တွေကို ရပ်ထားမယ်” ဟု ခိုင်သုခက ပြောသည်။

ငြိမ်းချမ်းရေးအတွက် ဆွေးနွေး နေစဉ် အပစ်အခတ် ရပ်စဲ ထားသည်ကို အမြတ်ထုတ်ပြီး အခွင့်အရေးယူ ထိုးစစ် ဆင်ခြင်းများ၊ ထိုးစစ်ဆင်လုပ်ရန် ပြင်ဆင်ခြင်းများ၊ လှမ်းပစ်ခြင်းများပြုလုပ်လာပါက  လိုအပ်သလို ပြန်လည် တု့ံပြန်သွားရန် ရှိကြောင်း ၄င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က ရှမ်းပြည်နယ်၊ ကျိုင်းတုံ မြို့တွင် ရက္ခိုင့်တပ်တော် AA အပါအဝင် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး ထိုဆွေးနွေးပွဲတွင် အချက်သုံးချက် သဘောတူညီချက် ရခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး စက်တင်ဘာ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့ တွင်လည်း ထပ်မံပြီးတွေ့ဆုံ ဆွေးနွေးကြမည်ဟု ဆုံးဖြတ် နိုင်ခဲ့သော်လည်း နေရာကို သတ်မှတ်နိုင်ခြင်း မရှိသေးဟုလည်း သိရသည်။


ဆက်စပ် သတင်းများ