သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် တစ်ပင်တိုင်လမ်းဆုံတွင် တပ်မတော်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.9k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တစ်ပင်တိုင်လမ်းဆုံ ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက တပ်မတော် ယာဉ်တန်းတစ်ခု  မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိုနေရာအနီးတွင် မိနစ်အနည်းငယ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၃ ရက် ယနေ့ နံနက်ပိုင်း ၉နာရီခန့်က ဝေသာလီမြို့ဘောင်(ခေါ်) တစ်ပင်တိုင်ခွဆုံ၌ ကျောက်တော် ဘက်မှ လာသည့် တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ချောင်းနားဘုရားကြီးအနီးတွင် နှစ်ဘက်တိုက်ပွဲ မိနစ်အနည်း ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ ဒီနေ့မနက ၉ နာရီလောက်က တပ်မတော် စစ်ကြောင်းတစ်ခုမောင်းနှင်လာတဲ့ ကား၂ စီးမိုင်းဆွဲတိုက်ခိုက်ခံရတယ်။ ကျောက်တော်ဘက်ကနေ အောက်သကန်ကို စစ်တပ်တွေလာချတဲ့ အချိန် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်AAတို့ တပင်တိုင်လမ်းဆုံနား အာရှလမ်းပေါ်မှာ ထိတွေ့ပြီးဖြစ်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းက ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ညနေ ၄နာရီ ၃၉မိနစ်က ဆက်သွယ်မေးမြန်းကြည့်ရာ ၄င်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ကျနော်တို့ အုပ်ချုပ်မှုကိစ္စသွားတဲ့ ယာဉ်တန်းတစ်ခုကို ဝေသာလီဘေးနားကနေ ပစ်တာပေါ့။ နောက်ပြီးတော့ လမ်းပေါ်မှာ သံစူး၊ သံချောင်းတွေကို ချထားပြီးတော့မှ ကားလာမှန်းသိလို့ အဲ့လိုလုပ်တာ။ အဲအတွက်ကြောင့် မို့လို့ သူပစ်ကိုယ်ပစ် ပစ်တာ ဘာမှတော့မဖြစ်ဘူး။ အေအေက အကျင့်ယုတ်တာ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AAတို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမှာ ၁ဝမိနစ် ၁၅မိနစ်ခန့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ဆက်လက်ပြီး ဖြစ်စဉ်နှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် နိရဥ္စရာ သတင်းဌာနမှ ရက္ခိုင့်တပ်တော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား ယနေ့ ညနေ ၄နာရီ ၃၈မိနစ်က ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့သဖြင့် AA ၏သဘောထားကို တင်ပြပေးနိုင်ခြင်းမရှိပါ။

အဆိုပါ တိုက်ပွဲကြောင့် ယနေ့ နံနက်က  တိမ်ညိုကျေးရွာတွင် ကားများကို တပ်မတော်က တားထားခဲ့သဖြင့် တစ်နာရီခန့် လမ်းတစ်လျှောက် ကားအသွားအလာ ရပ်တန့်သွားခဲ့သည်ဟု သိရသည်။.


ဆက်စပ် သတင်းများ