သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် ပစ်ခတ်မှုဖြစ်၊ ပဥ္စမတန်းကျောင်းသားတစ်ဦး အနည်းငယ်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.4k

ချစ်အိလှိုင်

နိရဥ္စရာ၊ အောက်တိုဘာ ၂၅ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယိုးဆနွင်းကျေးရွာ အနီးတွင် အောက်တိုဘာ ၂၄ ရက် နံနက် ၈ နာရီကျော်က ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ပဥ္စမတန်း ကျောင်းသားတစ်ဦး အနည်းငယ် သေနတ်ကျည်ဆံ ထိမှန် ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းရရှိသည်။

ယိုဆနွင်းကျေးရွာသားတစ်ဦးက “ ရွာနဲ့ တစ်ဖာလုံလောက်ဝေးတဲ့ ဒန်ဂရ ဆိုတဲ့ နေရာမှာ ဖြစ်ကြတာပါ။ တစ်ဖက်တည်း ပစ်သလား။ နှစ်ဖက် ပစ်ကြသလားဆိုတာကိုတော့ ကျွန်တော်တို့ မပြောနိုင်ပါ။ လက်နက်ကြီး၊ လက်နက်ငယ် မိနစ် သုံးဆယ်လောက် ပစ်ခတ်သံကြားလိုက်ရပါတယ်။ ကျွန်တော်တို့ ယိုဆနွင်းရွာကနေ အမ်းဘက်ကို အသွား ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ဖြစ်ကြတာပါ” ဟု ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း တောင်ပေါ်တွင် ဖခင်ဖြစ်သူနှင့်အတူ ထင်းခွေနေသော ပဥ္စမတန်းကျောင်းသား မောင်သန်းစိုး(၁၁ နှစ်)၏ ပေါင်ကို သေနတ်ကျည်ထိမှန်ခဲ့ကြောင်း၊ သို့သော်လည်း ရှပ်ထိမှန်သွားသဖြင့် ဒဏ်ရာမပြင်းထန်ကြောင်း၊  နောက်ထပ်ရွာသားတစ်ဦးဖြစ်သူ မောင်လှသိန်း (၃၇) နှစ်မှာလည်း စစ်သားများရွာကို ဝင်လာစဉ် ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခံခဲ့ရပြီး  ဖမ်းဆီးရမိချိန်တွင် စစ်သားများမှ လက်သီးနှင့် တစ်ချက် နှစ်ချက် ထိုးကြိတ်ခဲ့ကြောင်း၊ လက်ရှိတွင် ၎င်း မောင်လှသိန်းမှာ အိမ်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နောက်ထပ် ရွာသားတစ်ဦးကလည်း “ပထမတော့ လက်နက်ကြီး ပစ်သံ သုံးလေးချက်ကြားတယ်။ နောက် ရွာကို စစ်သားတွေ ဖြန့်ပြီး တောင်တန်းတွေကို ပစ်ကြပါတယ်။ ကလေးတို့ မိသားစုက ရွာတောင်ခြေရင်းမှာနေပါတယ်။ မနေ့က မနက်က အဖေဖြစ်သူနဲ့ ရွာအရှေ့ဘက် တောင်ပေါ်ကို ထင်းခွေသွားပါတယ်။ အဲဒီမှာ သူ့ပေါင်ကို ရှပ်ထိသွားတာပါ။ ဒီနေ့မနက် ၇ နာရီလောက်က ရွာကနေ မိသားစု လိုက်ထွက်သွားကြပါတယ်။ ဆေးခန်းပြဖို့ မင်းပြားမြို့ဘက်ကို သွားတာဖြစ်နိုင်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနအားပြောသည်။

ဒဏ်ရာရရှိသွားသူ မောင်သန်းစိုးသည် ယိုးဆနွင်းကျေးရွာရှိ အထက်တန်းကျောင်းတွင် တက်ရောက် ပညာသင်ယူနေသည့် ပဥ္စမတန်းကျောင်းသားတစ်ဦးလည်းဖြစ်သည်။

ဒဏ်ရာရရှိသွားသည့်အဆိုပါကျောင်းသား၏ မိသားစုအား ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

၄င်းဖြစ်ရပ်နှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းယိုဆနွင်းဘက်တွင် တိုက်ပွဲ ဖြစ်ပွားတာ မရှိကြောင်း ပြောကြားသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအားဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ်မရရှိခဲ့ပါ။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ၄င်းမှာ စစ်တွေမြို့သို့ရောက်ရှိနေသဖြင့် ယခုဖြစ်စဉ်ကို သိရှိခြင်းမရှိဟု ပြောသည်။

------------------------ 

Unicode:



နိရဉ်စရာ၊ အောကျတိုဘာ ၂၅ /၂ဝ၁၉









ဆက်စပ် သတင်းများ