သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရသေ့တောင် ဒုံးပိုက်နယ်ခြားစောင့် ကင်းစခန်းတိုက်ခိုက်ခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 2.4k

နိရဥ္စရာ၊ ဇွန် ၁၃/၂ဝ၂ဝ

ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့် စခန်း ယနေ့နံနက်ပိုင်းက တိုက်ခိုက်ခံရသည်ဟု သတင်းရရှိသည်။

ဒုံးပိုက်ရွာသားတစ်ဦးက “ မနက်အစော ၅ နာရီ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက်မှာ သေနတ်ပစ်ခတ်သံတွေကြားရပါတယ်။ AA ဝင်တိုက်တယ်လို့ ပြောပါတယ်။  မိနစ် ၂ဝ လောက် ပစ်သံကြားရပါတယ်။ အခုလို သေနတ်ပေါက်သံကြားတော့ ရွာသားတွေ ထွက်ပြေးကြရပါတယ်” ဟု ပြောကြားသည်။  

ရွာသားအများအပြားမှာ အနီးအနားရှိ အောင်ဗလ၊ အငူမော်ကုန်တန်းဘက်ကို ထွက်ပြေးသွားကြသည်ဟု ပြောသည်။ 

တစ်ချို့ရွာသာများမှာ ဒုံးပိုက် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသည်ဟု သိရှိရသဖြင့် ဆက်သွယ် မေးမြန်းရာ ဦးဇင်းကြီးတစ်ပါးက  ရွာသားတွေတော့ အကုန်လုံးထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း၊ ရွာသားအနည်းငယ်မှာ ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေကြကြောင်း၊ အာရုဏ်ဆွမ်းစားရန် ပြင်ဆင်နေချိန် ၅ နာရီကျော်တွင် သေနတ်သံများကြားရကြောင်၊  စခန်းမှာ ကျသွားခြင်း မရှိဟု သိရကြောင်း၊  ထိခိုက်မှု တစ်စုံတစ်ရာ ရှိ/ မရှိ မသိရှိရကြောင်း ပြောကြားသည်။ 

ဒုံးပိုက်နယ်ခြားစောင့်စခန်း ဒုစခန်းမှူးသို့ ဆက်သွယ်ရာ လုံခြုံရေးအရ တစ်စုံတစ်ရာ မပြောနိုင်ကြောင်း ပြောကြားသည်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ မှန်ကန်ကြောင်း ပြောကြားသည်။ 

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်သို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။ 


ဆက်စပ် သတင်းများ