သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သည့် မေလွမ်းရွာအနီးမှ လက်နက်ကြီးသံများထပ်ကြားရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၂၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာမှ တစ်မိုင်ခန့်အကွာ ဇောက်ချောင်းတွင် ယမန်နေ့ (အောင်တိုဘာ ၂၂ ရက်) က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့နံနက် ၆ နာရီကျော်မှ စပြီး ၎င်းနေရာဘက်မှ လက်နက်ကြီးသံများကို ကြားနေရသည်ဟု မေလွမ်းဒေသခံများက ပြောသည်။

ယမန်နေ့ နံနက် ၁၁ နာရီ မေလွမ်းရွာမှ တစ်မိုင်ခန့်အကွာ ဇောက်ချောင်းတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တစ်နာရီခန့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု မေလွမ်းရွာသား တစ်ဦးက ပြောသည်။

“ ဖြစ်တာက ကျွန်တော်တို့ မေလွမ်းရွာနဲ့ နည်းနည်းဝေးပါတယ်။ ဇောက်ချောင်းဆိုတဲ့ အရင် တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ ဖြစ်ကြတာပါ။ စစ်ကြောင်းထိုးတယ်လို့ ကြားပါတယ်။ အဲဒီမှာ ဖြစ်ကြတာပါ။ မနက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ သေနတ်သံတွေ စကြားရပါတယ်။ နာရီဝက်ကျော် တစ်နာရီလောက် ပြင်းပြင်းထန်ထန် ကြားရပါတယ်။ အဲဒီနောက် မင်းပြားကျိန်းတောင်နဲ့ တိုင်းဗဟို ၉ က လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးကျည်များမှာ တိုက်ပွဲဖြစ်ပွားရာ ငရဲကောက်ကျေးရွာ အနီးကျရောက်ပေါက်ကွဲမှုများရှိသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

“ငရဲကောက်ရွာထဲမှာတော့ မကျဘူး။ ရွာပြင်မှာကျတယ်။ ကျည်စတွေကတော့ ရွာကို လာမှန်တယ်လို့တော့ ပြောပါတယ်။ ရွာသားတွေတော့ အကုန်လုံး အိမ်အောက်မှာ ဝပ်နေကြတဲ့အတွက် ဒဏ်ရာ ရရှိတာတွေတော့ မရှိပါဘူး။ ကျွန်တော်တို့ မေလွမ်းနဲ့ အခု ဖြစ်တဲ့နေရာက နည်းနည်းဝေးတော့ ဒီတစ်ကြိမ် ရွာကလူတွေ ထွက်မပြေးကြပါ” ဟု ၎င်းက ပြောကြားသည်။

ယနေ့နံနက် ၆ နာရီကျော်မှ တိုင်းဗဟို(၉) မှ တိုက်ပွဲ ဖြစ်ပွားရာတောင်တန်းများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိကြောင်း၊ တစ်ခါပစ်လျှင် သုံးလုံးထွက်ကြောင်း၊ မနက် ၉ နာရီကျော်က လက်နက်ကြီး ပစ်ခတ်မှု ရပ်သွားကြောင်း ၎င်းက ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ မနေ့က တိုက်ပွဲ အပြင်းအထန်ဖြစ်ကြတယ်လို့ ကြားပါတယ်။ မေလွမ်းရွာ အရှေ့ဘက် ကားလမ်းတစ်ဖက် တောင်ချိုင်တွေမှာ ဖြစ်ကြတယ်လို့ ပြောပါတယ်။ တော်တော်ပြင်းတယ်လို့ ပြောပါတယ်။ ၁၁ နာရီကျော်ကနေ နေ့လယ် ၁၂ နာရီကျော်ထိ တစ်နာရီကျော်လောက်တောင် ဖြစ်တယ်လို့ ကြားပါတယ်။ ဒီနေ့ မနက်ကလည်း အဲဒီဘက်က လက်နက်ကြီးသံတွေကို ကြားရတယ်။ မင်းပြား ကျိန်းတောင်ကတော့ ဒီကနေ့ မနက်ပိုင်းမှာ ပစ်တာ မရှိပါဘူး” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။  

ဆက်စပ် သတင်းများ