တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီ ပိတ်ဆို့ထားသဖြင့် ရှားပါးနေသော အမ်းတွင် စစ်ကောင်စီက ငရုပ်သီး၊ ကြက်သွန်အပါအဝင် လူတစ်ဦးလျှင် ဆန်တစ်ပြည်နူန်းစီ အကန့်အသတ်ဖြင့် ရောင်းချပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 736

သဉ္ဇာနွယ်

နိရဉ္စရာ၊ မေ ၇/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့တွင် စစ်ကောင်စီက အကန့်အသတ်ဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်နှုန်းစီ ရောင်းချနေကြောင်း သတင်းရရှိသည်။

အမ်းမြို့တွင် ယမန်နေ့ မေလ ၆ ရက်နေ့မှစ၍ လူတစ်ဦးလျှင် ဆန်တစ်ပြည်နူန်းဖြင့် တစ်ပတ်စာအတွက် ရောင်းချပေးပြီး အုပ်ချုပ်ရေးမှူးရုံးထံတွင် သွားရောက်ဝယ်ယူရသည်ဟု အမ်းမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

“ အိမ်ထောင်စုမှာ လူ လေးယောက်ရှိရင် လေးပြည်ရတယ်။ တစ်ယောက်ကိုတစ်ပြည်နူန်းနဲ့ရောင်းချပေးတယ်။ တစ်ပတ်စာပေါ့နော်။ ဒီတစ်လတော့ အဲ့ဒီလိုရောင်းပေးမယ်လို့ ပြောတာပဲ။ ရောင်းတာကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရောင်းတာ” ဟုပြောသည်။

ဆန်တစ်ပြည်ကို ငွေကျပ် ၃၆၀၀ ပေးရပြီး ဆန်တစ်ပြည်အပါအဝင် လက်တစ်ဆုပ်စာခန့်ရှိသည့် ငရုတ်သီးခြောက် ၊ကြက်သွန်နီ၊ကြက်သွန်ဖြူ များကို ငွေကျပ် ၇၅၀၀ ပေးရပြီး မဝယ်စားနိုင်သေးသည့် လက်လုပ်လက်စားများလည်းရှိနေကြသည်ဟု အမ်းမြို့ဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ဆန်ရယ် ငရုတ်သီး၊ကြက်သွန်ဖြူ၊ကြက်သွန်နီနည်းနည်းစီပါတယ်။ အားလုံး ၇၅၀၀ ကုန်ကျတယ်။ ဒါတောင်မှ ဝယ်မစားနိုင်တဲ့လူတွေအများကြီးရှိပါသေးတယ်။ သူတို့ပေးတဲ့အတိုင်း ရောင်းတဲ့အတိုင်း ဝယ်ရတာပါပဲ” ဟုပြောသည်။

စစ်ကောင်စီက ယခုလိုပြုလုပ်နေခြင်းသည် မြို့သူမြို့သားများက စစ်ကောင်စီကို အကောင်းမြင်အောင် စည်းရုံးနေခြင်းသာဖြစ်ပြီး လက်တွေ့တွင် အသုံးချနေခြင်းသာဖြစ်သည် အမ်းမြို့မှ လူမှုရေးလှုပ်ရှားနေသူတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ဆန်တွေရောက်လာတာက ကုန်ကား ၂၆စီး လောက်ရှိတာ။ ပြည်သူတွေအတွက်ရောင်းချပေးတာက ဟန်ပြဘဲ။ သူတို့ စစ်ကောင်စီအတွက်ကများများ။ တစ်ပတ်စာကို လူတစ်ယောက်ကို တစ်ပြည်ပဲရောင်းပေးတာ။ အမှန်ဆို ဝယ်သလောက်ပေးသင့်တယ်လေ။ ပြီးတော့ နောက်တစ်ခုက အခုလို ဆန်ပြတ်လပ်နေတဲ့အချိန်မှာ ရောင်းပေးတော့ သူတို့ကို အကောင်းမြင်အောင် လုပ်နေတာ။ စစ်ကောင်စီက ဘယ်လိုလူမျိုးလဲဆိုတာ ပြည်သူတွေ သိပါတယ်” ဟုပြောသည်။

အမ်းမြို့ကို စစ်ကောင်စီဖက်မှ ပိတ်ဆို့ထားသည့်အတွက်  အမ်းမြို့ပေါ်တွင် ဆန်ရှားပါးသည့် အခြေအနေမျိုးရောက်ရှိခဲ့ပြီး ဆန်ရှားပါးသည့် အတွက် ရိက္ခာပြတ်သေဆုံးမှုအထိရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမ်းမြို့ပေါ်သို့ စစ်ကောင်စီ၏ စားနပ်ရိက္ခာကားများကို အာရက္ခတပ်တော်မှ ပြည်သူများအတွက်ငှဲ့ညာပြီး လွှတ်ပေးခဲ့သည့်အတွက် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က မြို့ပေါ်သို့ရောက်ရှိခဲ့ကြောင်းသိရသည်။

photo- crd

ဆက်စပ် သတင်းများ