အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

နယ်စပ်ရှိ အွန်လိုင်း ငွေကြေးလိမ်လည်မှုများတွင် စစ်ကောင်စီတပ် ပါဝင်ပတ်သက်နေဟု NUG ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

နယ်စပ်ဒေသများတွင် အများဆုံးကျူးလွန်နေကြသည့် အွန်လိုင်းငွေကြေးလိမ်လည်မှုများတွင် စစ်ကောင်စီတပ်က ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပြောဆိုလိုက်သည်။

လူကုန်ကူးမှု၊ ငွေကြေးလိမ်လည်မှုများ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းများနှင့်စပ်လျဉ်းပြီး အောက်တိုဘာလ ၁၇ ရက်ကထုတ်ပြန်သည့် NUG ၏ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်တပ်၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် စနစ်တကျ ဖျက်ဆီးမှုနှင့် ပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ရာ၌ ရဲတပ်ဖွဲ့များ၏ ပါဝင်ပတ်သက်မှုများကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း သိသိသာသာပင် လျော့နည်းလာသည်မှာ ဝမ်းနည်းစရာဖြစ်ပါသည်။ တချိန်တည်းမှာပင် အကြမ်းဖက်စစ်တပ်သည် ၎င်း၏ အကြီးမားဆုံးဝင်ငွေအရင်းအမြစ်တစ်ရပ်အဖြစ် အဆိုပါ အွန်လိုင်းလိမ်လည်မှုများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လျက်ရှိပြီး ယင်းအချက်က အဆိုပါရာဇဝတ်မှုများကို ဖြိုခွဲခြင်းမပြုရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်သည်”ဟု ဆိုထားသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်တွင် တရားမဝင် ကာစီနိုလောင်းကစားရုံများကို ပိတ်သိမ်းခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်များသည် ရာဇဝတ်လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ကိုသာ အပြစ်တင်ရမည်ဖြစ်သည်ဟု ဆိုသည်။

တရားမဝင် စစ်ကောင်စီတပ်၏ ပြည်သူများအပေါ် စစ်ပွဲဆင်နွှဲနေမှုကြောင့် မငြိမ်မသက် ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံအခြေအနေတွင် အဆိုပါလိမ်လည်သည့်လုပ်ငန်းများမှ တိုင်းပြည်၏ စုစုပေါင်း ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုထက်ပို၍ပင် ငွေကြေးပမာဏများကို ရရှိနိုင်ဖွယ်ရှိသည်ဟုလည်း ရေးသားထားသည်။


အရှေ့တောင်အာရှရှိ တခြားနိုင်ငံများတွင် အခြေစိုက်သည့် လူလိမ်ဂိုဏ်းများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားကြောင်း NUG က တွေ့ရှိခဲ့သည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရားမဝင် ငွေကြေးလိမ်လည်သည့် ဂိုဏ်းများမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ထိန်းချုပ်ရာ ထိုင်း-မြန်မာနယ်စပ်နှင့် တရုတ်နယ်စပ်များတွင် အများအပြား ခြေစိုက်လှုပ်ရှားကြ သည်ဟု သိရသည်။

တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်သည့်ဂိုဏ်းများကြောင့် တရုတ်နိုင်ငံသားအများအပြားလည်း ထိခိုက်ခဲ့ရသည့်အတွက် အွန်လိုင်းငွေကြေး လိမ်လည်မှုနှင့် ပြန်ပေးဆွဲဂိုဏ်းများကို ပူးတွဲနှိမ်နှင်းရန် လွန်ခဲ့သည့် သြဂုတ်အတွင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ဆွေးနွေးပွဲတွင် လေးနိုင်ငံကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်။

ထို့နောက် တရုတ်မြန်မာနယ်စပ်တွင် အွန်လိုင်းမှ ငွေလိမ်လည်သည့် ဂိုဏ်းများကို တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းနှိမ်နှင်းမှုကြောင့် ယခုအချိန်အထိ တရားခံပြေး ၂၀၅ ဦးအပါအဝင် ဆက်သွယ်ရေး လိမ်လည်မှုကျူးလွန်သည့် သံသယတရားခံ ၄၆၆၆ ဦးကို တရုတ်နိုင်ငံဘက်ကို မြန်မာရဲတပ်ဖွဲ့က လွဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ (NN-14)

Photo - China Xinhua News and NUG

ပုံစာ - အွန်လိုင်းလိမ်လည်မှု ကျူးလွန်သည့် သံသယတရားခံများကို မကြာသေးမီက တရုတ်နိုင်ငံကို လွှဲပြောင်းပေးစဉ်။

 

ဆက်စပ် သတင်းများ