စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်၍ ရခိုင်လူထုဒုက္ခရောက်လျှင်တပ်မတော်ကိုအဆိုးမဆိုပါနဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြောစကားဝေဖန်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.5k

နိရဥ္စရာ ၊မေ ၂၀/၂၀၂၂

မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ပွဲဖြစ်၍ ရခိုင်လူထုဒုက္ခရောက်လျှင် တပ်မတော်ကိုအဆိုးမဆိုပါနဲ့ဆိုသော စကားမျိုး  ပြောကြားခြင်းမှာ တိုက်ပွဲနှင့် မသက်ဆိုင်သော အရပ်သားပြည်သူရခိုင်လူထုကို ခြိမ်းခြောက်ရာ ရောက်နေသဖြင့် ဝေဖန်မှုမြင့်တက်သည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း  ဦးဖေသန်းက "တကယ်တော့ လူထုကိုအကြောင်းပြပြီးတော့ ခြိမ်းခြောက်လိုက်တဲ့ စကားပေါ့။ အရင်ကလည်းပဲ တိုက်ပွဲဖြစ်လာရင် ဒီလိုပဲ အပြစ်မဲ့ပြည်သူတွေကို၊ ရွာတွေကို လက်နက်ကြီးနဲ့ပစ်တာတို့၊ မီးရှို့တာတို့ လုပ်နေကြပါ့။ အဲ့လို လုပ်မယ်ဆိုတဲ့ သဘောလည်း ပါတယ်ပေါ့နော်။ ဒီတော့တိုက်ပွဲတွေကို မတိုက်ရခြင်းအကြောင်းက လူထုကိုညှာလို့၊ တကယ်လို့ဖြစ်လာရင်တော့ လူထု သက်သာမယ် မထင်နဲ့ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးပဲပေါ့ဟု ပြေသည်။

 

တစ်ဖွဲ့နှင့် တစ်ဖွဲ့တိုက်ကြ၊ မဆိုင်သည့်လူထုကို တိုက်ပွဲထဲ ဆွဲမသွင်းသင့်ဟုလည်း ဦးဖေသန်းက ပြောဆိုသည်။

 

 တစ်ဖွဲနဲ့တစ်ဖွဲ့တိုက်တယ်ဆိုရင် အချင်းချင်းတိုက်ကြပေါ့။ လူထုကိုမနစ်နာစေချင်တဲ့ဆန္ဒက အကုန်လုံးမှာ ရှိရမယ်လေ။ ဒါကြောင့် ဒီစကားမျိုးကတော့ အကြောင်းပြချက်နဲ့ အဆီအငေါ် မတည့်ဘူးလို့ ထင်ပါတယ်"ဟု သူက ပြောဆိုသည်။

 

ရခိုင်မှာ ပြဿနာဖြစ်ပွားလာပါက မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ဟု မေ ၁၉ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။  

 

"ဒီအချိန်မှာ ကျနော်တို့ လုပ်နေတာ၊ ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ထပ်ပြောပါမယ် ရခိုင်ပြည်သူလူထု ဒုက္ခမ ရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည် သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျ နော်တို့လုပ်နေတာဖြစ်ပါတယ်။ အဲဒီအတွက် အခုဖြစ်နေတဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့"

 

ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် စာရေးဆရာဝေဟင်အောင်ကလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းစကားဟာ စစ်သားအလုပ်ကိုလုပ်ပြီး စစ်သားစကားပြောခြင်းသာဖြစ်ကြောင်း သုံးသပ်ထားသည်။

 

"ဇော်မင်းထွန်းရဲ့ ဝဇီအတိုင်းပေါ့။ စကားပြောရင် ခြိမ်းလားခြောက်လားပြောတက်တယ်။ ရခိုင်ကို အပြတ်တိုက်မှာတို့၊ ရှင်းလင်းမှာတို့ဆိုတာက ပြောနေကျလေ။ စစ်သားတစ်ယောက်ဟာ စစ်သားအလုပ်ကိုလုပ်ပြီး စစ်သားစကားပြောတယ်လို့ပဲ သုံးသပ်တယ်"ဟု ပြောသည်။

 

လက်ရှိ ရခိုင်မြေပြင်အခြေနေတွင်  စစ်တပ်အနေဖြင့် လက်နက်အင်အား ဖြည့်တင်းခြင်း၊ စစ်တပ် တပ်ရင်းများမှ လက်နက်ငယ်များပစ်ခတ်ခြင်းနှင့် ULA/AA နှင့်ပတ်သက်သည်ဟုဆိုကာ ကျေးရွာများတွင်ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများက တင်းမာမှုကိုဖြစ်စေသဖြင့် မပြုလုပ်သင့်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ဝေဖန်ပြောဆိုသည်။

 

"ငြိမ်းငြိမ်းချမ်းချမ်းနေတဲ့ ဒေသတစ်ခုမှာ တပ်တွေတိုးလို့ချတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး ထင်တယ်။ တည်ငြိမ်နေတဲ့ဒေသကို ဒီဘက်အဖွဲ့မှာလည်းလက်နက်ရှိတယ်။ ဟိုဘက်မှာလည်း လက်နက်ရှိတော့ ပဋိပက္ခအသွင်ဆောင်အောင်လုပ်နေသလိုပဲမြင်နေရတယ်။  ငြိမ်းငြိမ်းချမ်းချမ်း ိတဲ့ဒေသမှာ လက်နက်အင်အားနဲ့ တပ်တိုးချဲ့ပြီးချစရာမလိုဘူးလို့ မြင်မိပါတယ်ဗျ"ဟု ပြောသည်။


၎င်းပြင် ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခကလည်း  ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်အပေါ်  "သမိုင်းတစ်လျောက်မှာ ပြည်သူတွေအပေါ် ကောင်းတာလုပ်ခဲ့တာ တခုမှမရှိဘဲ သူတို့ကို အဆိုးမဆိုနဲ့တဲ့ တကယ့်ဟာသပဲ"ဟု လှောင်ပြောင် ရေးသားထားသည်။

ဆက်စပ် သတင်းများ