သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေမြို့မင်းဂံရပ်ကွက်တွင် ညအချိန်သေနတ်ပစ်ခတ်သံများထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4.7k

နိရဉ္စရာ
ဇွန် ၂၃/၂၀၂၂
စစ်တွေမြို့ပေါ်ရှိ လမ်းများတွင် သွားလာသူမရှိ၍ တိတ်ဆိတ် ငြိမ်သက်နေချိန်တွင် မင်းဂံရပ်ကွက် အကွက်(၂) ဘက်က ညအချိန် သေနတ်သံများကြားခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။
သေနတ်သံများထွက်ပေါ်လာသဖြင့် ရပ်ကွက်နေပြည်သူများအကြား စိုးရိမ်ထိတ်လန့်နေကြောင်း ရပ်ကွက်ထဲမှ ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်တွေကားဂိတ် မင်းဂံဆင်းလမ်းဘက်က ကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။
"သေနတ်ပစ်သံ ၅ ချက်၊ ၆ ချက် ဆက်တိုက်ကြားလိုက်တယ်။ ဆက်တိုက်ပစ်သွားတာ။ ဘာကြောင့်ပစ်နေလဲတော့မသိဘူး။ ကားတစ်စီး မရပ်လို့ ပစ်သလိုလို အဲသလိုကြားရတယ်" ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သားနှစ်ဦးကို အေအေက ဖမ်းဆီးသွားပြီးနောက် စစ်တွေမြို့တွင် လုံခြုံရေး တင်းကျပ်ထားပြီး ရပ်ကွက်များအတွင်းသို့ စစ်သားများ ဝင်ရောက်လာပြီး ဖမ်းဆီး စစ်ဆေးမှုများလည်း ရှိနေကြောင်း သိရသည်။
ယနေ့ည ၉ နာရီခွဲအချိန်တွင် ကုန်တန်း အကွက်(၂) သို့ စစ်သားများ ဝင်ရောက်လာပြီး ဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။
လက်ရှိစစ်တွေမြို့တွင် အခြေအနေဆိုးရွားနေပြီး အများပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြသည်ဟု သိရသည်။
( ဓာတ်ပုံ- ယနေ့ည စစ်တွေလမ်းမများကို မြင်တွေ့ရစဉ်)

ဆက်စပ် သတင်းများ