တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အချို့၌ ခရီးသွားများကို ဓာတ်ပုံနှင့်တကွ တိုက်ဆိုင်စစ်ဆေးမှုများရှိနေဟုကားသမားများနှင့် ခရီးသွားများပြော


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.1k

ရခိုင်ပြည်အတွင်း စစ်တွေ-ရန်ကုန်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အချို့တွင် ခရီးသွားများကို ဓာတ်ပုံနှင့်တကွ တိုက်ဆိုင်စစ်ဆေးမှုများရှိနေသည်ဟု ခရီးသွားများ၊ ကားသမားများနှင့် ဒေသခံများမှ သိရသည်။

စစ်တွေမြို့နယ်ရှိ ကျောက်တန်းစစ်ဆေးရေးဂိတ်၊ ကျောက်တော်တပ်မနှင့် အမ်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်အချို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓာတ်ပုံများကို ကိုင်ဆောင်ကာ ဓာတ်ပုံတွင်ပါသည့်လူများကို ခရီးသည်များထဲတွင် ရှာဖွေစစ်ဆေးနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။

"စစ်ဆေးခံရတာတော့ ခရီးသည်တွေကော၊ ကားတွေပါ အမြဲတမ်းလိုလို စစ်ဆေးခံရတာပေါ့။ ဒီတလောမှာတော့ စစ်တွေက မနက်စောစောထွက်လာတုန်း ကျောက်တန်းစစ်ဆေးရေးဂိတ်မှာ ခရီးသည်တွေကို ဓာတ်ပုံတွေကိုင်ဆောင်ပြီး စစ်ဆေးနေတာတော့ မြင်လိုက်တယ်။ အမ်းက ပဲပဒုံ စစ်ဆေးရေးဂိတ်မှာလည်း ဓာတ်ပုံတွေနဲ့တကွ စစ်ဆေးတယ်" ဟု ပြောသည်။

ထိုသို့ စစ်ဆေးရာ၌ ခရီးသည်များ၏မှတ်ပုံတင်နှင့် နေရပ်လိပ်စာများကို မေးမြန်းစစ်ဆေးရုံသာမက စစ်ကောင်စီတပ်ဖွဲ့ဝင်များက သူတို့ကိုင်ဆောင်ထားသည့် ဓာတ်ပုံထဲမှလူနှင့် တူ/မတူကိုပါ သေချာစစ်ဆေးခြင်းဖြစ်သည်ဟုလည်း သိရသည်။

အမ်းမြို့ခံတစ်ဦးက "အမ်းက ပဲပဒုံစစ်ဆေးရေးဂိတ်မှာလည်း ဓာတ်ပုံနဲ့တကွစစ်ဆေးနေတယ်လို့ ကျွန်တော်တို့လည်း ကြားမိတယ်။ သူတို့မှာလည်း သတင်းပေးတွေရှိတာပေါ့။ စရဖတို့၊ သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဆီကနေ ဘယ်သူက ဘယ်လမ်းကြောင်းက သွားလာနေတယ်ဆိုတာ အတိအကျရှိတယ်။ ရခိုင်မှာ စစ်ကောင်စီက ဖမ်းဆီးရင် စာရင်းဇယားတွေနဲ့ဖမ်းဆီးတာများတယ်" ဟု ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အမ်းမြို့နယ်အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရန်ကုန်မှလာသည့် ခရီးသည်တင်ကားမှ ခရီးသည်အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးထားလိုက်သည်ဟု သိရသည်။

ယခုနောက်ပိုင်း စစ်တွေ- ရန်ကုန်ကားလမ်းတစ်လျှောက်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမေးမြန်းမှုများကို ယခင်ကထက် ပိုမိုတင်းကျပ်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်၊ ည ၁ဝ နာရီခွဲကလည်း ရန်ကုန်ကိုသွားသည့် ခရီးသည်တင်ကားဖြင့် တောင်ကုတ်မြို့မှ လိုက်ပါစီးနင်းလာသည့် မြေပုံမြို့နယ်၊ စိတ္တရကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ညီညီဆန်းနှင့် နောက်ထပ်လူငယ်တစ်ဦးတို့သည် ဂွမြို့အလွန်ရှိ ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်တွင် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်ဟု သံသယဖြင့် ဖမ်းဆီးခံလိုက်ရသည်။

ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ရခိုင်လူငယ်များကို AA သံသယဖြင့် ဖမ်းဆီး စစ်ဆေးမှုများရှိနေပြီး ထိုအပြုအမှုများကြောင့် သာမန် အရပ်သား ခရီးသွားပြည်သူများမှာ စစ်တပ်ဂိတ်များရှေ့ရောက်လျှင် စိုးရိမ်မှုများ ဖြစ်ကြရသည်ဟု ဒေသခံများက ပြောဆိုကြသည်။ (NN-12)

 

ဓာတ်ပုံ - စစ်တွေမြို့နယ်ရှိ ကျောက်တန်းစစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ (ပုံဟောင်း)

ဆက်စပ် သတင်းများ