တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့်နေဗီများမှ သံတွဲမြို့နယ်ပင်လယ်ကမ်းစပ်ကျေးရွာများသို့ ညအချိန် အထိပစ်ခတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၀ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ကမ်းစပ်ကျေးရွာများကို ဇွန်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့် ရေတပ် စစ်ရေယာဉ်များမှ ညအချိန် အထိ အဆက်မပြတ်ပစ်ခတ်နေခဲ့သောကြောင့် ဒေသအတွင်း ပြည်သူများအနေဖြင့် ထိတ်လန့်နေကြရကြောင်းသိရသည်။

“မိုးလင်းခါနီးအထိ  ပစ်နေတာ ကမ်းခြေဘက်တွေကို ပစ်တာ။ နေဗီက ကွင်းဝိုင်းဘက်ကတက်လာပြီး ‌ဂေါ့ဆင်ကျပ် ဆင်ခေါင်းဖက်အထိ ပစ်နေတယ်။ မြို့သူမြို့သားတွေက ဘယ်ပစ်လို့ ပစ်နေမှန်း မသိရလေ။ ဖုန်းလိုင်းလည်းမရ မီးလည်းဖြတ်ထားတယ်။ အသံတွေက အိမ်တွေပါ တုန်တယ်။ ကျီးလန့်စာစားနေရတဲ့ဘဝတွေပါ။ အပြင်လဲမထွက်ရဲကြ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နှင့် ငပလီကမ်းခြေမြို့ တဝိုက်နှင့် ဆင်ကျပ်ကမ်းခြေ၊ဆင်ခေါင်းကမ်းခြေ၊ဂေါ့ကမ်းခြေ အပါအဝင်ဂေါ့တောင်တန်းများ သို့ စစ်ကောင်စီက လေကြောင်းနှင့် ရေကြောင်းတို့မှ အဆက်မပြတ် တိုက်ခိုက်နေကြောင်းသိရသည်။

အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြားဖြစ်ပွားနေသည့် တိုက်ပွဲများ ယခုရက်ပိုင်းအတွက် တိတ်ဆိပ်နေရာမှ စစ်ကောင်စီသည် ‌အေအေရှိနေနိုင်သော နေရာများကို မှန်းရမ်းကာ ယခုကဲ့သို့ ပစ်ခတ်နေခြင်း ဖြစ်ကြောင်းသိရသည်။

“လေယာဉ်တွေက မြို့နဲ့ တော်တော်ကပ်ပြီး ပျံပျံသွားတော့ လူတွေလည်း မအိပ်နိုင်ကြဘူး၊ ဆက်တိုက်ကြဲနေတာ။ ပြည်သူတွေထိတ်လန့်နေတယ် အိပ်မရတော့ဘူး။  မထင်ရင် မထင်သလိုလာကြဲနေတာ။ ကလေး တွေနဲ့သက်ကြီရွယ်အို နေမကောင်းသူတွေ တော်တော်လန့်နေကြတယ်။ ဘာတတ်နိုင်မှာလည်း ကျွန်တော်တို့မှာ ပြေးမယ့်နေရာလည်းမရှိလေ ငွေလည်းမရှိဘူး” ဟု ဟု ဒေသခံတစ်ဦးမှပြောသည်။

စစ်ကောင်စီမှလေကြောင်းဗုံးကြဲခြင်း၊ စစ်သင်္ဘောများမှ ပစ်ခတ်ခြင်းအပြင် သံတွဲမြို့ပေါ်တွင် အထိုင်ချထားသည့် ရှော့တိုက်ဒုံးများဖြင့်လည်း ကမ်းခြေ‌များနှင့်တောင်တန်းများအား ပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။

သံတွဲမြို့နယ်နှင့် မိုင် ၂၀ ဝန်းကျင်၊ ရွှေလှေတိုက်နယ်အတွင်း ဧပြီ ၁၃က စတင်ကာ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲများစတင်ခဲ့ပြီး၊ ဇွန် ၂ရက်က စတင်ကာ ငပလီကမ်းခြေမြို့ ၊ ဂေါ့ရပ်ကွက်၊ စပါးကြီးရပ်ကွက်နှင့် မှိုဟင်းပြင်ကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ပုံစာ-စစ်ကောင်စီ ဗုံးကြဲနေသော ဂေါ့တောင်တန်းအားတွေ့ရစဉ်

ဆက်စပ် သတင်းများ