သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

နေရာဖယ်ရှားပေးရမည့် ကျောက်တော် ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၅၀ ကျော် နေအိမ်သစ်ဆောက်လုပ်ရန် ခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မတ် ၃၀/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းရှိ မြေနေရာမှဖယ်ရှားပေးရမည့် စစ်ဘေးရှောင်အိမ်ထောင်စု ၅၀ ကျော်သည် နေအိမ်သစ်ဆောက်လုပ်ရန် ခက်ခဲနေကြောင်း ကာယကံရှင်များက နိရဥ္စရာကို ပြောသည်။
စစ်ဘေးရှောင် ဒေါ်သွယ်သွယ်က “အိမ်ဖြိုထားတာတွေနဲ့ပြန်ဆောက်ဖို့က ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အားလုံးပြိုပျက်နေပြီ။ အဓိကက အိမ်ဆောက်ဖို့ အခက်ခဲဖြစ်နေပါတယ်။ မိုးရာသီရောက်ဖို့နီးလာရင် အိမ်တွေမလုပ်ရ၊ မပြင်ရသေးရင် မိုးစိုစိုစွတ်စွတ်နဲ့နေရရင် ဒါတွေကို စိတ်ပူတယ်” ဟု ပြောသည်။
အိမ််နေရာပြောင်းရွှေ့ပေးရမည့်စစ်ဘေးရှောင်များတွင် အိမ်ထောင်စုု ၅၄ စုရှိပြီး လူပေါင်း ၃၀၀ ခန့်ပါဝင်ကြောင်း သိရသည်။
၄င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်မှစ၍ ညောင်ချောင်းကျေးရွာဘောလုံးကွင်းအနီးရှိ မြေကွက်တွင် မြေပိုင်ရှင်များထံမှ ငွေကြေးအနည်းငယ်ဖြင့် ၂ နှစ်ကြာ ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြေပိုင်ရှင်များ၌ ငွေကြေးအခက်ခဲကြောင့် စစ်ဘေးရှောင်များနေထိုင်သည့် မြေနေရာအား အခြားသူများကိုရောင်းလိုက်ရာ ဝယ်ယူလိုက်သူများက နေအိမ်ဆောက်လုပ်ရန်လိုအပ်နေသည့်အတွက် ယခုကဲ့သို့ စစ်ဘေးရှောင်များ နေရာဖယ်ရှားပေးရခြင်းဖြစ်သည်ဟု သိရသည်။
နေရာဖယ်ပေးရမည့်စစ်ဘေးရှောင်များအား ညောင်ချောင်းကျေုးရွာ၏အများပိုင်မြေနေရာတွင် နေရာချထားရန်စီစဉ်ထားသော်လည်း နေအိမ်များဆောက်လုပ်ရန် ငွေကြေးနှင့် အိမ်ဆောက်ပစ္စည်းများအခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းအေးက ပြောသည်။
“မြေနေရာက အဆင်ပြေပြီးသားဖြစ်တယ်။ သစ်ရယ်၊ ဝါးရယ်၊ ဓနိရယ် ပြည့်စုံတာနဲ့ ကျွန်တော်တို့ ဒါတွေကို လုပ်လို့ရပါတယ်”ဟု ပြောသည်။
နေရာဖယ်ရှားပေးရမည့်သူများအနေဖြင့် လက်ရှိတွင် နေအိမ်သစ်ဆောက်လုပ်ရန်အခက်အခဲများရှိနေ၍ မြေပိုင်ရှင်နှင့်ညှိနှိုင်းထားသည့်အတွက် နေရာမှ ဖယ်ရှားနိုင်ခြင်းမရှိသေးဟု သိရသည်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်းအတွင်း အခြားအိမ်ထောင်စုများမှာ ရွာဘုန်းကြီးကျောင်းနှင့် စူဠာမုနိဘုရားပရိဝုဏ်တို့တွင် အိမ်ဆောက်နေထိုင်လျက်ရှိသည်ဟု သိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် ၂၀၁၉-၂၀၂၀ ပြည့်နှစ်များက စစ်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့နယ် တင်းမကျေးရွာ၊ မာလာ၊ ပြိုင်းချောင်း၊ မီးဝ၊ မျောက်တောင်နှင့် သာစည် စသည့် ကျေးရွာပေါင်း ၂၂ ရွာမှ စစ်ဘေးရှောင်ဦးရေ ၄ ထောင်ခန့်ခိုလှုံလျက်ရှိသည်။
ဓာတ်ပုံ - နေရာဖယ်ရှားပေးရမည့် စစ်ဘေးရှောင်များ၏နေအိမ်များအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ