စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်တော်တွင် မိုးရွာသွန်းနေ၍ မီးဘေးသင့်စစ်ဘေးရှောင်များ နေထိုင်စားသောက်မှု အခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.5k

နိရဥ္စရာ၊ မေ ၉/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိစစ်ဘေးရှောင်စခန်းသည် ယနေ့နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် မိုးရွာသွန်းနေ၍ မီးဘေးသင့်စစ်ဘေးရှောင်များတွင် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။
မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်သည့်အတွက် မီးဘေးသင့်စစ်ဘေးရှောင်များသည် စာသင်ကျောင်းနှင့် ဘူတာရုံတို့တွင် စုဝေးနေထိုင်နေကြရကြောင်း မီးဘေးသင့်စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးမောင်သိန်းရွှေက နိရဥ္စရာကိုပြောသည်။
"အခုကတော့ ရှိတဲ့အဆောင်တွေမှာပဲ နေထိုင်နေရတာပဲ။ ဘူတာ၊ ကျောင်းနဲ့ဲ အိမ်အောက်တွေမှာ ကုပ်ကပ်နေရတာပဲ။ ဒုက္ခသည်မှာ ထပ်ဆင့်ဒုက္ခဖြစ်နေပြီ။ စစ်ဘေးဒုက္ခကနေ အခု မီးဘေးဒုက္ခကျသွားပြီ။ ဦးလေးတို့ရဲ့ ကံကြမ္မာပဲပေါ့" ဟု ပြောသည်။
ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင် ဒေါ်ဦးဆန်းဝေက မီးဘေးသင့်ပြီးနောက် လက်ရှိနေရသည့်အဆောင်မှာ မိုးယိုနေသည့်အတွက် ကျန်းမာရေးထိခိုက်မှုများရှိနေကြောင်း နိရဥ္စရာကို ပြောသည်။
"ဘယ်လိုမှအဆင်မပြေပါဘူး။ မိုးကယိုတာနဲ့၊ ဖျားလည်း အခု မိုးရေထဲနေနေရတယ်။ ပြေးလာတာ အိုးတွေ၊ ခွက်တွေလည်း ဘာမှမရခဲ့ဘူး။ ဖျားကြ၊ နာကြတာနဲ့ဖြစ်နေတယ်"ဟု ပြောသည်။
လက်ရှိတွင် မီးဘေးသင့်စစ်ဘေးရှောင်များအတွက် အစားအသောက်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ အမြန်ဆုံးလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
ယင်းစခန်းတွင် အဆောင်ပေါင်း ၄၃၂ ဆောင်ရှိပြီး စစ်ဘေးရှောင် ၁၇၀၀ ကျော်ရှိကြောင်း သိရသည်။
ယင်းအနက် မီးလောင်မှုကြောင့် လူဦးရေ အမျိုးသား ၅ဝ၂ ဦးနှင့် အမျိုးသမီး ၅၇၁ ဦး၊ စုစုပေါင်း ၁ဝရ၃ ဦး မီးဘေးသင့်ခဲ့ကြသည်ဟု ၄င်းတို့အရေးကူညီပေးနေသည့် စာရေးဆရာဝေဟင်အောင်က သူ၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ယနေ့ မေလ ၉ ရက် နံနက်အစောပိုင်း ညဉ့် ၁ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်စခန်းအတွင်း နေအိမ်အဆောင် ၂၆၂ ဆောင် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက်က ထုတ်ပြန်ထားသည်။
စခန်းတွင်းမှ နေအိမ်တစ်အိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းကာ ပတ်ဝန်းကျင်နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မီးလောင်မှုကြောင့် စုစုပေါင်း လူနေအိမ်ငယ် ၂၆၂ လုံး မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူနှင့် တိရစ္ဆာန် ထိခိုက်မှုများ မရှိခဲ့ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
မီးလောင်မှုကို စခန်းနေပြည်သူများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့၏ ငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၆ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။
ကျောက်တော်မြို့နယ် နဂရာ၊ ရွှေပြည်သစ်၊ ရွှေပြည်ဟောင်း၊ ကျောက်ဂူစု၊ အလယ်ကျွန်း၊ မျောက်တောင်၊ သာစည်၊ မာလာ၊ ကွမ်းစျေး၊ ပြိုင်းတိုင်း၊ လောင်းရှည်၊ တင်းမ၊ ပလက်ဝမြို့နယ်၊ သူဌေးကုန်း၊ စိမ့်စမ်း၊ ရေချမ်းဝနှင့် လိပ်ခေါင်း စသည့်ကျေးရွာအများအပြားမှ ဒေသခံများသည် ကျေးရွာများအနီး တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လအတွင်းမှစတင်ကာ အဆိုပါစခန်းသို့ ခိုလှုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
(NN-7)

ဆက်စပ် သတင်းများ