သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မိုးသက်လေပြင်းကြောင့် ပျက်စီးသွားခဲ့သောစစ်ဘေးရှောင်စခန်းတစ်ချို့ မိုးရာသီရောက်နေပြီဖြစ်သော်လည်း ပြန်လည်မပြုပြင်နိုင်၍ နေထိုင်ရေးအခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 7k

နိရဉ္စရာ၊ မေ ၂၄/ ၂၀၂၂
မေလ ၂၁ရက်နေ့ကတိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ပျက်စီးခဲ့ရသောစစ်ဘေးရှောင် စခန်းတစ်ချို့ကို မိုးရာသီသို့ ဝင်ရောက် လာပြီဖြစ်သော်လည်း မပြုပြင်နိုင်ဘဲဖြစ်နေသဖြင့် စစ်ဘေးရှောင်တချို့ နေထိုင်ရေး အခက်အခဲဖြစ်ကြရသည်ဟု သတင်းရရှိသည်။
မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ရှောင်စခန်းတွင် လူနေဆောင် ၆၀ကျော်မှာ အခေါင်မိုးများနှင့် အကာများပျက်စီးသွားခဲ့သော်လည်း လက်ရှိအချိန်ထိပြန်လည်မပြုပြင်နိုင်သေးသဖြင့် မိုးရေထဲတွင် နေထိုင်ရေး အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင် ဦးစိုးသိန်းကပြောသည်။
“ ပျက်စီးသွားတဲ့ တဲအိမ်တွေကို ပြန်လည်ပြုပြင်လို့တော့ မပြီးသေးဘူး၊ ပြီးတဲ့ဟာတွေလည်း ပြီးနေကြပြီ၊ အပျက်အစီးများတဲ့ အဆောင်တွေဆိုရင် လုံးဝမပြီးသေးဘူး။ ပြန်လည်ပြုပြင်ဖို့ အခက်အခဲတွေကတော့ တာပေါ်လင်စတွေလိုတယ်။ ဓနိတွေလိုအပ်တယ်။ အစိုးရက ပြုပြင်ဖို့ အထောက်အပံ့ပေးတာတွေတော့မရှိဘူး။ အရင်တုန်းကတော့ ICRC ကနေ အထောက်အပံ့တွေ ပေးခဲ့တယ်၊ အခုတော့ မပေးတော့ဘူးလို့ ပြောထားတယ်” ဟုပြောသည်။
အလားတူ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း လူနေဆောင် ၄၀ကျော်၏ အခေါင်းမိုးများမှာ လေဖြင့်လွှင့်ပါသွားသည့်အတွက် ပြန်လည်ပြုပြင်နိုင်ရန် အစိုးရဆီသို့တင်ပြထားသော်လည်း လက်ရှိအချိန်ထိ အကြောင်းပြန်မလာသေးဟု စခန်းတာဝန်ခံ ကိုဦးသန်းအေးကပြောသည်။
“ ပျက်စီးသွားတဲ့ စစ်ဘေးရှောင်စခန်းတွေကို ပြုပြင်လို့တော့မပြီးသေးဘူး၊ အခုပျက်နေတဲ့ ခေါင်မိုးတွေနဲ့တော့ အဆင်မပြေဘူး၊ ယာယီနေထိုင်ဖို့တော့ အခေါင်အမိုးတွေလိုအပ်တယ်။ ပြန်လည်ပြုပြင်ဖို့အခက်အခဲတွေကတော့ တာပေါ်လင်စတွေလိုအပ်ပါတယ်။ လောလော ဆယ်မှာတော့ အစိုးရဆီမှ ပံ့ပိုးကူညီမူတွေမရှိဘူး။ ဒါပေမဲ့ အစိုးရဆီကိုတော့ အကြောင်း ကြားထားပါတယ်” ဟုပြောသည်။
ယင်းအပြင် ခေါင်မိုးများပျက်စီးသွားသည့်အဆောင်များ၌လူနေထိုင်နိုင်ရန် ယာယီသဘောမျိုးဖြင့် စုတ်ပြဲနေသော တာပေါ်လင်စတွေနှင့် ပြုပြင်ကာ နေထိုင်နေရကြောင်း စစ်ဘေးရှောင် ဦးမောင်ကျော်သောင်းက ပြောသည်။
“ အခေါင်အမိုးတွေပဲ လေနဲ့လွင့်ကုန်တယ်။ အခုလောလောဆယ်တော့ ယာယီသဘောမျိုးပေါ့ အဟောင်းတွေနဲပြန်လည်ပြုပြင်ပြီး နေနေရတယ်။ ပြန်လည်ပြုပြင်ဖို့အခက်အခဲတွေကတော့ ငွေရေး၊ ကြေးရေးမရှိတော့ လောလောဆယ်ပျက်စီးသွားတဲ့အဟောင်းတွေနဲ့ပဲ ပြုပြင်ပြီးနေတယ်။ အစိုးရ ဆီက ပြန်လည်ပြုပြင်ပေးမယ်၊ မပေးဘူးဆိုတာတော့ ကျွန်တော်တို့လည်း မသိရဘူး။ ဒါပေမဲ့ ၆ လပိုင်း လောက်မှာတော့ အိမ်တွေကို ပြန်လည် မွမ်းမံပေးမယ်လို့တော့ ပြောသံတွေကြားရပါတယ်” ဟုဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၀ရက်နေ့တွင်လည်း လေပြင်း တိုက်ခတ်ခဲ့သည့်အတွင် စစ်ဘေးရှောင်စခန်း ၄၀ခန့်မှ လူနေဆောင် ၂၀၀ကျော် ပျက်စီး သွားခဲ့သော်လည်း ကူညီထောက်ပံ့မှု မရှိ၍ အဆောင်များကို ပြန်ပြင်ရန် ခက်ခဲဖြစ်နေကြရသည်ဟု ပြောဆိုသည်။ (NN-12)

ဆက်စပ် သတင်းများ