စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အမ်းတွင် စစ်ဘေးရှောင် ၇ဝဝ ကျော်ကို စစ်ကောင်စီက စစ်လက်ကျန်ပစ္စည်းများရှင်းလင်းပေးမှုမရှိသေးသည့်နေရပ်သို့ ပြန်ပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8k

နိရ ဉ္စရာ၊ ဇူလိုင် ၇/၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ဘေးရှောင် ၇၀၀ ကျော်ကို စစ်ကျန်လက်နက်ဟောင်းပစ္စည်းများသေချာရှင်းလင်းမှုမရှိသည့် ၄င်းတို့နေရပ်သို့ စစ်ကောင်စီက ယနေ့တွင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အမ်းမြို့ရှိ မိုးလုံလေလုံအားကစားခန်းမ၊ ကမ်းဒိတ်၊ စျေးတောင်ရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ အမ်းတောင်နှင့်အမ်းမြောက်တို့မှ နေရပ်ပြန်ရန်စာရင်းပေးထားသည့် စစ်ဘေးရှောင် ၇၀၀ ကျော်ကို ယနေ့ ဇူလိုင်လ ၇ ရက်၊ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီက ၁၂ ဘီးကား ၄ စီးဖြင့် ပြန်လည်ပို့ပေးခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ပြန်မယ့်သူတွေကို ဧပြီလလောက်ကနေ စာရင်းကောက်ထားတာ။ အဲဒီတုန်းက တစ်သုတ်ပို့ပြီးတော့ အခုစာရင်းပြန်ကောက်ပြီး အခုမှ သူတို့(အစိုးရ)က ပိုက်ဆံကျလို့ ပြန်ပို့ပေးတာ" ဟုပြောသည်။
ယခုနေရပ်ပြန်ခံရသူများတွင် အိမ်ထောင်စု ၁၅၁ စုပါဝင်ပြီး အိမ်ထောင်စုတစ်စုစီကို စစ်ကောင်စီက ငွေကျပ် ၅ သိန်း၊ ခရိုင်ဘေးစီမံက အိမ်ပြုပြင်ရန် ကျပ် ၁ သိန်းနှင့် ဆန်ရိက္ခာဝယ်ယူရန်အတွက် လူတစ်ဦးကို ငွေကျပ် ၉ ထောင်နှုန်း ထောက်ပ့ံပေးလိုက်ကြောင်း သိရသည်။
စစ်ဘေးရှောင်စခန်းများတွင် အလုပ်အကိုင်ရှားပါးပြီး နေထိုင်စားသောက်ရသည်မှာ ကျပ်တည်းသည့်အတွက် မိုင်းနှင့် စစ်လက်ကျန်အန္တရာယ်ကို စိုးရိမ်သည့်ကြားမှ ယခုကဲ့သို့ နေရပ်ပြန်လာရခြင်းဖြစ်သည်ဟု ဒါးလက်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။
"ကျနော်တို့ဘက်မှာတော့ မိုင်းရှင်းတာတွေ မကြားမိသေးဘူး။ ရန်ကုန်-စစ်တွေကားလမ်းဘေးမှာတော့ ရှင်းလင်းတယ်လို့ကြားတယ်။ ကျနော်တို့လည်း မသိဘူး။ အဲဒီဘက်မှာ သူတို့ကမိုင်းရှင်းထားလား၊ မထားလားမသိတော့ ကျနော်တို့က မိုင်းအန္တရာယ်ကိုတော့ ကြောက်ရတာပေါ့နော်။ တောတောင်တွေကို အရင်ကလို မဝင်ရဲကြသေးဘူး" ဟုပြောသည်။
အမ်းမြို့ရှိ စစ်ဘေးရှောင်များကို ပထမအကြိမ်ပြန်ပို့ပြီးနောက် မင်္ဂလာဒုံကျေးရွာအုပ်စုရှိ နတ်မော်ကျေးရွာအနီးတောတောင်များရှိ ဥယျာဉ်သွားသည့်ရွာသား ၁ ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အလားတူ ပြီးခဲ့သည့်မေလအတွင်းကလည်း အဆိုပါတောတောင်များအတွင်း မိုင်းပေါက်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ဟု ဆိုကြသည်။
အမ်းမြို့ရှိ စစ်ဘေးရှောင်များအနက် လူဦးရေ ၇၀၀ ခန့်ကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်က တစ်ကြိမ်နှင့် ယခု ၂ဝ၂၂ ခုနှစ်၊ မေလ ၁၇ ရက်နေ့က စစ်ဘေးရှောင် ၁ ထောင်ကျော်ကို တစ်ကြိမ်စီ စစ်ကောင်စီက နေရပ်သို့ပြန်ပို့ခဲ့သည်။
ယင်းသို့ပြန်ပို့ရာတွင်လည်း ငွေကြေးအချို့နှင့် အသုံးအဆောင်ပစ္စည်းအချို့ကို အစိုးရက ထောက်ပံ့ခဲ့သည်ဟု သိရသည်။
လက်ရှိ အမ်းမြို့တွင် စစ်ဘေးရှောင်ဦးရေ ၁ ထောင်ကျော်သာကျန်ရှိတော့ပြီး ၄င်းတို့၏ရပ်ရွာအနီးတို့တွင် မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကို အစိုးရက ရှင်းလင်းမပေးသေးသည့်အတွက် နေရပ်ပြန်ရန်အဆင်သင့်မဖြစ်သေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။
အမ်းမြို့ရှိ စစ်ဘေးရှောင်များသည် ၂ဝ၁၉ နှင့် ၂ဝ၂ဝ ပြည့်နှစ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများဖြစ်သည်ဟု သိရသည်။ (NN-8)
ပုံ- ပုံဟောင်း

ဆက်စပ် သတင်းများ