သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဂွမြို့ရှိ တပ်ရင်းနှစ်ခုတွင် အသုံးမပြုတော့သည့် လက်နက်ခဲယမ်းများအား ဖောက်ခွဲဖျက်ဆီးမည်ဟု ကြေညာ၊ သတ်မှတ်ချိန်လွန်သည်အထိ ပေါက်ကွဲသံတစ်စုံတစ်ရာ မကြားရသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 742

ဆောင်းဇာခြည်

နိရဉ္စရာ၊ မတ် ၂၀/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့တွင်ရှိသည့် တပ်ရင်းနှစ်ခုမှ အသုံးမပြုတော့သည့် လက်နက်ခဲယမ်းများအား ယနေ့ နံနက်တွင် ဖောက်ခွဲဖျက်ဆီးသွားမည်ဟု ဂွမြို့အတွင်း အသံချဲ့စက်ဖြင့် သက်ဆိုင်ရာက ကြေညာထားသော်လည်း နံနက် ၁၀ ကျော်ထိ ဖောက်ခွဲဖျက်ဆီးသည့် အသံကို မကြားရသေးဟု ဒေသခံများက ပြောသည်။

ဂွအခြေစိုက် အမှတ် (၅၆၂) နှင့် (၅၆၃) တပ်ရင်းတို့တွင် မကောင်းတော့သည့်၊ အသုံးမပြုတော့သည့် လက်နက်ခဲယမ်းများအား ယနေ့ နံနက် ၇ နာရီမှ နံနက် ၁၀ နာရီအတွင်း ဖောက်ခွဲဖျက်ဆီးသွားမည်ဟု ဂွမြို့အတွင်း ယမန်နေ့ ညနေပိုင်းက အသံချဲ့စက်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (မစဖ)မှ  ကြေညာခဲ့သည်။  

ဂွမြို့ဒေသခံ ကိုမောင်ဉာဏ်က ဂွမြို့နယ်အုပ်ချုပ်ရေးကောင်စီက ကြေညာတာပေါ့။ အသုံးမပြုနိုင်တဲ့ လက်နက်ခဲယမ်းတွေကို ဖောက်ခွဲဖျက်ဆီးပစ်မယ်ဆိုပြီးတော့ သူတို့ ကြေညာခဲ့တယ်ပေါ့။ ပြည်သူတွေအနေနဲ့ ထိတ်လန့်မှု မဖြစ်ရအောင် အဲလို အသံချဲ့စက်နဲ့ အော်ခဲ့တယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ဘာသံမှ မကြားရသေးဘူးဟု ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ဆက်သွယ်စဉ် နိရဉ္စရာသို့ ပြောသည်။

ယမန်နေ့ မတ်လ ၁၉ ရက်နေ့က ဂွမြို့အတွင်း လှည့်လည်ကာ ထိုသို့ ကြေညာသည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း ဂွမြို့ဒေသခံ ကိုကျော်မြင့်မောင်က ပြောသည်။

အခုဆိုရင် ဒုတိယအကြိမ်အော်ခဲ့တာပေါ့။ ပထမအကြိမ်အော်ခဲ့တုန်းကလည်း ဘာသံမှ မကြားလိုက်ရဘူး။ အခုတစ်ကြိမ်လည်း အသံမကြားလိုက်ရဘူး။ တကယ်လို့ ပေါက်ကွဲသံကြားခဲ့ရင်လည်း စိုးရိမ်စရာတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ကြိုတင်ကြေညာထားခဲ့တာလေ။ သူတို့က အသုံးမပြုတော့တဲ့ မကောင်းတဲ့ ခဲယမ်းတွေကို ဖျက်ဆီးသွားဖို့ဆိုပြီး သူတို့ကြေညာတဲ့အထဲ ပါပါတယ်။ဟု ပြောသည်။

အဆိုပါ တပ်ရင်းနှစ်ခုမှ အသုံးမပြုတော့သည့် လက်နက်ခဲယမ်းများအား ဖောက်ခွဲဖျက်ဆီးမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလအကုန်ပိုင်း ပထမအကြိမ်ကြေညာခဲ့ပြီး ယမန်နေ့က ကြေညာခဲ့သည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ယင်း တပ်ရင်းနှစ်ခုမှ ဂွမြို့၏ အရှေ့ဘက် ၁ ဖာလုံခန့်တွင် တည်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ