သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင်ပျောက်ဆုံးနေသည့်တပ်ကြပ် သေဆုံး၍တွေ့ရှိ၊ ကိုင်ဆောင်ထားသည့် လက်နက်ပါပျောက်ဆုံးနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.8k

သျှင်မင်းဇံ
နိရဥ္စရာ၊ သြဂုတ် ၂၃ / ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ခမရ (၅၅၂)တပ်ရင်းမှ ပျောက်ဆုံးနေသည့် တပ်ကြပ်ဖြူသီး(၅ဝနှစ်)ကို ယခုလ ၂၁ ရက်နေ့၌ သေဆုံး၍ ပြန်တွေ့ကာ သူကိုင်ဆောင်ထားသည့် လက်နက်မှာလည် ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။
တပ်ကြပ်ဖြူသီးသည် အခြားရဲဖော် (၂)ဦးနှင့်အတူ ပြီးခဲ့သည့်ရက်ပိုင်းက ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူး (မူဆလင်) ကျေးရွာတွင် ကင်းလှည့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ပြီး ၎င်း၏အလောင်းအား သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ယင်းရွာစာသင်ကျောင်းအနီးရှိ ရေအင်းထဲ၌ တွေ့ရှိခဲ့သည်ဟု အလောင်းအားသွားရောက်သယ်ဆောင်ခဲ့သည့် ဘူးသီးတောင်မြို့နယ် နာရေးကူညီမှုအသင်းမှ ဦးပညာသာရက နိရဥ္စရာသို့ မိန့်သည်။
"အဲဒီနေ့ ညနေ ၅ နာရီလောက်က နယ်ခြားစောင့်တပ်ကြပ်ကြီးတစ်ယောက်က ဖုန်းဆက်လာတယ်။ အလောင်းသယ်ပေးဖို့ပေါ့။ ဦးဇင်းတို့ အဲဒီကိုရောက်တော့ အဲဒီရွာက မူဆလင်လေးယောက်က အလောင်းကို သယ်လာကြပြီး ကားပေါ် တင်ပေးလာတယ်။ သေသွားတာက တပ်ကြပ်အဆင့်ပါ။ အလောင်းကိုတော့ ခမရ ၅၅၂ တပ်ရင်းကို ပို့ပေးခဲ့ရတယ်"ဟု မိန့်ကြားသည်။
သေဆုံးသွားသည့်တပ်ကြပ်တွင် ဦးခေါင်းနောက်စေ့၌ ရိုက်ခွဲထားသည့်ဒဏ်ရာ (၃)ချက်ကို တွေ့ရသည်ဟုလည်း ဦးပညာသာရက ဆက်လက်မိန့်သည်။
ယင်းအပြင် သေဆုံးသွားသည့်တပ်ကြပ်နှင့်အတူပါသွားသည့်လက်နက်နှင့် ခဲယမ်းမီးကျောက်အချို့လည်း ပျောက်ဆုံးနေသည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး သရက်ကင်းမနူးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းလှအောင်က ယခုဖြစ်စဉ်အတိအကျ မသိရှိဟု ပြောသည်။
ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကလည်း "ကျနော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မသိသေးဘူး။ တပ်ကိစ္စဖြစ်တဲ့အတွက် တပ်ဘက်ကို မေးတာ ပိုကောင်းလိမ့်မယ်"ဟု နိရဥ္စရာကိုပြောသည်။
အသေးစိတ်သိနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး သရက်ကင်းမနူးကျေးရွာအား ၎င်းတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးနေသည်ဟုလည်း သိရသည်။
သေဆုံးသွားသည့်တပ်ကြပ်၏အလောင်းအား ယမန်နေ့ သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ဘူးသီးတောင်သုဿာန်၌ မီးသင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ