သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မောင်တောမြို့နယ် မြောက်ပိုင်းမှ သံကူကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၇ /၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ သံကူကွန်ကရစ်တံတားတစ်စင်းသည် မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။
ဖျက်ဆီးခံလိုက်ရသည့်တံတားမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်အနီး မောင်တောမြို့နယ်၊ တောင်ပြို လက်ဝဲမြို့နှင့် ကြိမ်ချောင်းကျေးရွာသွား ကားလမ်းပေါ်မှ အလျား ၅၀ ပေနှင့် အနံ ၁၆ ပေရှိ ထန်းချောင်းတံတားဖြစ်သည်။
အဆိုပါတံတားသည် ဧပြီလ ၆ ရက် ညနေ ၇ နာရီခန့်တွင် ARSA အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အစိုးရသတင်းများကိုသာတင်လေ့ရှိသည့် ရခိုင်နေ့စဉ်သတင်းတွင်ဖော်ပြထားသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်းအုန်းက "သူတို့ကတော့ ARSA လုပ်တယ်လို့ပြောမှာပဲ။ ဒါပေမယ့် ARSA လုပ်လား၊ သူတို့လုပ်တာလားတော့မသိဘူးပေါ့နော်။ ဘယ်သူမှမြင်တာလဲမဟုတ်ဘူး။ ARSA ကလည်း လုပ်လေ့လုပ်ထတော့ရှိတယ်။ ဟိုတစ်လောကလည်း ဘူးသီးတောင်ဘက်မှာ လက်နက်တွေလွယ်ပြီးသွားတာတွေတွေ့ရတယ်။ သူတို့ ဟန်ရေးပြတဲ့သဘောမျိုးနဲ့ လုပ်တာလည်း ဖြစ်မယ်လို့ သုံးသပ်ပါတယ်"ဟု ပြောသည်။
မိုင်းခွဲဖျက်ဆီးခံလိုက်ရသည့်အတွက် အဆိုပါတံတားတွင် ၁ ပေပတ်လည်ခန့် ကြမ်းခင်းလမ်းပေါက်ပြဲပျက်စီးခဲ့သော်လည်း ယာဉ်များ ဖြတ်သန်းသွားလာ၍အဆင်ပြေနေသည်ဟု သိရသည်။
ဓာတ်ပုံ - ရခိုင်နေ့စဉ်

ဆက်စပ် သတင်းများ