သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် AA နှင့် မြန်မာစစ်တပ်တို့မိနစ်အနည်းငယ်နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်တင်းမာမှုများဆက်လက်ရှိနေ၍ ရွာသားများ တိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k

အေးမြတ်ခိုင်
နိရဥ္စရာ ၊ဧပြီ ၁၃/၂၀၂၂
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဝက်ခေါင်းကျေးရွာ၏ ၃ ဖာလုံခန့် အကွာတွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်တပ်တို့ မိနစ် အနည်းငယ် နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တင်းမာမှုများ ဆက်လက်ရှိနေ၍ ရွာသားများ တိမ်းရှောင်နေကြရသည်ဟု ကျေးရွာသားများက ပြောကြားသည်။
"အခု ဝက်ခေါင်းရွာမှာဆိုရင် အမျိုးသမီးတွေနဲ့ ကလေးတွေ အထုပ်ဆွဲပြီး မင်းပြားမြို့နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားနေကြပါတယ်။ ရွာထဲမှာ လက်နက်ကြီးသံ တဂျိန်းဂျိန်းနဲ့ပေါက်တော့ အကုန်လန့်ဖြန့်ကုန်တယ်။ အခုထိ တင်းမာနေတုန်း။ နှစ်ဖက် တပ်တွေလည်း ထပ်ဖြည့်ထားကြတယ်လို့ သိရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ ဧပြီလ ၁၃ ရက် နံနက်က ၁၁ နာရီခန့်က ဝက်ခေါင်းကျေးရွာရှိ မိဘမေတ္တာဆေးခန်းတွင် တပ်စွဲထားသော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ၁၀ မိနစ်ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဆေးခန်းက ၃ဖာလုံခန့်အကွာ တောင်ပေါ်တွင် စစ်တပ်က တပ်စွဲရန် စီစဉ်ရာက AA က သဘောမတူရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။
“ သင်္ကြန်တွင်း ပြည်သူတွေ အထိတ်တလန့်မဖြစ်စေလိုတဲ့ အတွက် တပ်ဆုတ်ပေးဖို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ AA ရဲဘော်တချို့ သွားရောက် ပြောဆိုရာမှ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြတာပါ” ဟု ၎င်း ဝက်ခေါင်း ကျေးရွာသားက ပြောသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် လက်နက်ကြီးသံ ငါးချက် နှင့် လက်နက်ငယ်သံများ ကြားခဲ့ရပြီး တိုက်ပွဲဖြစ်ပွားချိန်မှာ ၁ဝမိနစ်ခန့်သာကြာမြင့်ခဲ့ကာ လက်ရှိတွင် ငြိမ်သက်နေကြောင်း၊ နှစ်ဘက် ညှိနှိုင်းဆောင်ရွက်မှုများရှိနေကြောင်း ၎င်းတို့က ပြောကြားသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက တစ်ဖက်နှင့် တစ်ဖက် နယ်မြေပိုင်းခြားသတ်မှတ်မှု မရှိသည့် အတွက် ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သေးကြောင်း နိရဥ္စရာ ကိုပြောသည်။
"ငြိမ်းချမ်းရေးယူထားတယ်။ အပစ်အခက်ရပ်စဲထားပေမယ့် နယ်မြေ သတ်မှတ်မှုမရှိတဲ့အခါ ဟိုဘက်ဒီဘက် စစ်ကြောင်းတွေ လှုပ်ရှားတဲ့ချိန်မှာ မတော်တဆထိတွေ့မှုတွေဖြစ်တက်တယ်။ ဘယ်ဘက်ကမဆို တမင် ရည်ရွယ်ချက်ရှိရှိ သွားတိုက်တဲ့တိုက်ပွဲမျိုးဆို ရှေ့ဆက်လို့ စိုးရိမ်စရာ ကောင်းတာပေါ့။ ဒီလိုမတော်တဆတိုက်ပွဲမျိုးကတော့ စာချုပ်စာတမ်းနဲ့ သူ့နယ်မြေ ကိုယ့်နယ်မြေ သတ်မှတ်ပြီးမရှိတဲ့အတွက် ဒါကတော့ နောက်လည်း ဖြစ်လာနိုင်ပါသေးတယ်"ဟု ပြောသည်။
ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်တပ်တို့သည် ၂၀၁၉/၂၀၂၀ ခုနှစ်တို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ၂ ဘက်သဘောတူညီမှုဖြင့် အပစ်အခတ် ရပ်စဲထားသော်လည်း စိတ်ချရသည့်အနေအထားမဟုတ်ကြောင်း၊ စစ်တပ်က တပ်အင်အားကိုတိုးချဲ့ချနေပါက မလွှဲမရှောင်သာ တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူဦးခိုင်သုခက ဧပြီလ ၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဆက်စပ် သတင်းများ