သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့်ကျေးရွာတချို့သို့ဝင်ရောက်ပြီး AA အကြောင်းကို မေးမြန်မှုများရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မေ ၂/၂၀၂၂
ရခိုင်မှ မြို့နယ်တချို့မှ ကျေးရွာများတွင် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် စစ်ကောင်စီ စစ်ကြောင်းများဝင်ရောက်မှုရှိနေပြီး ရက္ခိုင့်တပ်တော် (AA) အကြောင်းကို မေးမြန်းမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
တောင်ကုတ်မြို့ နယ်၊ တဲမောက်ကျေးရွာက အမည်မဖော်လိုသူ လူကြီး တစ်ဦးက “ရက္ခိုင့်တပ်တော် (AA)က ဆက်ကြေးကောက်တာမျိုး တွေရှိလား။ ရွာမှာ ဆူပူသောင်းကျန်းမှုတွေ ရှိလား။ ဧည့်သည်တွေ လာရင် ဧည့်စာရင်း တိုင်လား။ ဒါမျိုးတွေမေးသွားတယ်။ တခြား ထွေထွေထူးထူးတော့ မစစ်ပါဘူး။ ကုန်ခဲ့တဲ့လကလည်း သံတွဲ ၅၅ တပ်ရင်းက လာစစ်သေးတယ်။ အဲဒီတုန်းကလည်း နယ်မြေ ရှင်းလင်းရေးဆိုပီးလာတာပါ။ (AA) ဆက်ကြေးကောက်တာရှိမရှိ မေးတယ်”ဟု ပြောသည်။
ယမန်နေ့ မေလ ၁ ရက် နံနက် ၁၀ နာရီခန့်က တောင်ကုတ်မြို့ နယ်၊ တဲမောက်ကျေးရွာကို ဗိုလ်မှူးအဆင့် အပါအဝင် စစ်တပ်က အင်အား ၃၀ ကျော်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ဝင်ရောက်လာပြီး ကျေးရွာ လူကြီးများကို ထိုသို့ မေးမြန်းသွားခဲ့သည်ဟု ပြောဆိုသည်။
အမ်းမြို့နယ်တွင်လည်း ကျေးရွာတချို့ကိုစစ်ကြောင်းများ ဝင်ရောက် စစ်ဆေးခြင်း၊ အင်အားအများနှင့် သွားလာခြင်းများရှိကြောင်း အမ်းမြို့နယ်က လူမှုရေးလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။
“တောင်ပေါ်ဒေသရခိုင်ရိုးမတောထဲအထိ စစ်ကြောင်းဝင်တာတွေရှိတယ်။ နယ်မြေရှင်းလင်းတာလား။ ဘယ်လိုပုံစံလဲတော့ မသိဘူးပေါ့လေ။ ကျေးရွာအနီးမှာရှိသလို ကျေးရွာနားက တောင်တန်းတွေ ကိုလည်း အင်အားအများနဲ့ သွားလာတာမျိုးတွေ တောက်လျှောက်ရှိတယ်။ အခုလည်း ရှိတယ်”ဟု ပြောသည်။
ယင်းအပြင် အမ်းမြို့နှင့် မအီကြား ကားလမ်ပေါ်တွင် ဂိတ်ဖွင့်ပြီး AA နှင့် PDF တိုနှင့် ဆက်စပ်မှုရှိမရှိ မေးမြန်းကာ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးမှုများ ရှိနေကြောင်း ဆက်ပြောသည်။
“လမ်းသွားလမ်းလာတွေကို မှတ်ပုံတင်စစ်ဆေးတာတွေ၊ AA နဲ့ဆက်စပ်မှုရှိလား။ PDF နဲ့ ဆက်စပ်မှုရှိလား။ ဂိတ်တွေဖွင့်ပြီးစစ်ဆေးတာမျိုးလည်း ရှိတယ်။ အမ်းနဲ့ မအီမြို့နယ်ကြား ကားလမ်းမှာ ဧပြီ ၃၀ ရက်နေ့က စစ်ဆေးသွားတာ ရှိတယ်”ဟု ပြောသည်။
ရခိုင်တွင် စစ်တပ်က အင်အားတိုးခြင်း၊ ရိက္ခာဖြည့်တင်းခြင်းနှင့် စစ်ရေး လှုပ်ရှားမှုများကို တောက်လျှောက်လုပ်ဆောင်မှုများရှိနေကြောင်း ဒေသခံ များက ပြောကြားထားပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကမူ စစ်ကောင်စီက ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားချိန်တွင် အခြေအနေတည်ငြိမ်နေသည့် ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်သင့်ဟု နိရဉ္စရာသတင်းဌာနက မေးမြန်းသည့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး စစ်တပ်ဘက် အမြင်သဘောထားများကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးကို အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် စစ်တပ်ကဘက်က သဘောထားကိုတင်ပြနိုင်ခြင်း မရှိပါ။
လွန်ခဲ့သည့် သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့တွင် မြေပုံမြို့နယ်က ဝက်ခေါင်း ကျေးရွာအနီးတပ်စွဲထားသော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ မိနစ်အနည်းငယ်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
(ယခင် ဓာတ်ပုံဟောင်းသာဖြစ်ပါသည်။)

ဆက်စပ် သတင်းများ